တာလီဘန်တွေ ငြိမ်းချမ်းရေး စားပွဲဝိုင်း ရောက်လာဖို့ အမေရိကန် မျှော်လင့်

  • 22 ဩဂုတ် 2017
Image caption ပါကစ္စတန်ကို ၀န်ကြီး တေလာဆင် ဖိအားပေး

အမေရိကန် အနေနဲ့ သူတို့ ပါဝင် ပတ်သက်နေတဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲက စစ်ပွဲကို နိုင်အောင် တိုက်နိုင်ချင်မှ တိုက်နိုင်လိမ့်မယ် ဆိုတဲ့ အချက်အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆင်က အသိအမှတ်ပြု ပြောကြား လာပါတယ်။

ဒါပေမယ့် တဘက်မှာ တာလီဘန်တွေ ဘက်ကလည်း အဆုံးသတ် အောင်ပွဲရအောင် တိုက်နိုင်မှာ မဟုတ်တာကြောင့် တချိန်မဟုတ် တချိန်တော့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ ဖြစ်လာနိုင်တယ် လို့လည်း ဝန်ကြီး တေလာဆင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တာလီဘန်တွေကို ဆွေးနွေးရေး စကားဝိုင်းတွေဆီ အရောက်ခေါ်တဲ့ နေရာမှာ ပါကစ္စတန် နိုင်ငံ အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက် ချင်တယ်ဆိုရင် ပါကစ္စတန်ရဲ့ လက်ရှိ အနေအထားကို ပြောင်းလဲမှ ရမယ် ဆိုပြီး ဝန်ကြီး တေလာဆင်က ဆိုပါတယ်။

ပါကစ္စတန် ပိုင်နက် နယ်မြေတွေဟာ အကြမ်းဖက်သမားတွေ အတွက် ဘေးကင်းရာ လွတ်မြောက်ရာနယ် ဖြစ်နေတယ် ဆိုပြီး သမ္မတ ထရမ့် ပြောခဲ့တဲ့ အဓိပ္ပာယ်မျိုးပဲ အခု တခါ ဝန်ကြီး တေလာဆင်က ထပ်ကျော့ ပြောပြန်တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရှေ့ လုပ်ငန်းစဉ် မဟာဗျူဟာကို ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းကပဲ သမ္မတ ထရမ့်က ထုတ်ပြန် ခဲ့တာမှာ အဲဒီမှာ အမေရိကန်တပ်ဖွဲ့တွေ ထပ်ပြီး တိုးချဲ့ ချလာဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

သူတို့ အနေနဲ့ အာဖဂန်နစ္စတန် နိုင်ငံ ပြည်တွင်းရေး တည်ငြိမ်အေးချမ်း စေလိုတယ် ဆိုပြီး ပါကစ္စတန် နိုင်ငံ ဘက်က ပြောသလို၊ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရာမှာ တခြားနိုင်ငံတွေနဲ့ အတူ လက်တွဲ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။