ဘာစီလိုနာက နာမည်ကျော် ချာ့ချ်ကျောင်းကို ဖောက်ခွဲဖို့ ကြံစည်ခဲ့

  • 22 ဩဂုတ် 2017
Image caption လေးယောက်ထဲက တစ်ယောက်က ဝန်ခံ ထွက်ဆိုတာတွေ ပြုလုပ်

ဘာစီလိုနာ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းထားသူ ၄ ယောက်ထဲက တစ်ယောက်ဟာ သူတို့ အဖွဲ့ အနေနဲ့ ပိုပြီး ကြီးကျယ်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ် ထားခဲ့တာ ဖြစ်တယ်လို့ တရားသူကြီး ရှေ့မှောက် ထွက်ဆို ခဲ့ပါတယ်။

ဘာစီလိုနာမြို့ရဲ့ အထင်ရှားဆုံး ဆာဂရာဒါး ဖင်မလီယား ချာ့ချ်ကျောင်းကြီးကို ဖောက်ခွဲ ပစ်ဖို့အထိ ကြံရွယ်ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းတစ်ပုဒ်က ဆိုပါတယ်။

အဲဒီ အကြမ်းဖက် အုပ်စုရဲ့ ခေါင်းဆောင်ဟာ မွတ်ဆလင် ဘာသာရေး တရားဟောဆရာ အဗ္ဗဒယ်လ်ဘာကီ အက်စ် ဆတ်တီ ဖြစ်တယ်ဆိုတာလည်း အတည်ပြုနိုင်ကြောင်း တရားရုံး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ ခေါင်းဆောင်နဲ့ အဖွဲ့ဝင် တစ်ဦးဟာ လက်လုပ်ဗုံးတွေ ပြုလုပ်တဲ့ နေအိမ် ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ပါတယ်။

အခု ဖမ်းဆီးထားသူ လေးယောက်ထဲက တစ်ယောက်က ဝန်ခံ ထွက်ဆိုတာတွေ ပြုလုပ် ခဲ့ပေမယ့်၊ ကျန်သုံးယောက်ကတော့ ဗုံးခွဲ တိုက်ခိုက်မယ့် အစီအစဉ်ကို သူတို့ မသိဘူးလို့ ငြင်းဆိုခဲ့ကြောင်း အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီ လေးယောက်စလုံးကို ရမန်ယူပြီး ဆက်လက် ထိန်းသိမ်းထားဖို့ တရားသူကြီးက ပြင်ဆင် နေပါတယ်။

အဲဒီ အုပ်စုဝင်အားလုံးဟာ မော်ရိုကို နွယ်ဖွားတွေ ဖြစ်ပြီး၊ သူတို့ အားလုံး အစွန်းရောက် အယူအဆထဲ သိမ်းသွင်းခံခဲ့ရတယ်လို့ ယူဆရတဲ့ ရီပိုးလ်မြို့ အပါအဝင် တချို့ နေရာတွေမှာ စပိန်ရဲတွေက ဝင်ရောက် စီးနင်း ရှာဖွေတာတွေ ပြုလုပ် နေကြဆဲ ဖြစ်ပါတယ်။