မက္ကစီကိုတံတိုင်း မဖြစ်ဖြစ်အောင် ဆောက်မယ်

  • 23 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေး အပါအဝင် အကြောင်းအရာ အတော်များများကို ထည့်သွင်း ပြော ဆိုသွား

အမေရိကန်တောင်ပိုင်း မက္ကစီကို နယ်ခြားမှာ တံတိုင်းကာရံဖို့ အတွက် အစိုးရ အဖွဲ့ ယန္တရား ရပ်တန့် ပစ်ရမယ်ဆိုရင်တောင် သူ့ အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

အရီဇိုးနားပြည်နယ် ဖီးနစ်မြို့က "အမေရိကန်ကို ကြီးကျယ်အောင် တဖန်ပြန် ကြိုးစားစို့"ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ထောင်ခံသူတွေကို ပြောတဲ့ သမ္မတ မိန့်ခွန်းမှာ အတိုက်အခံ ဒီမိုကရက်တွေဟာ ဖျက်လိုဖျက်ဆီး လုပ်နေသူတွေလို့လည်း ဆိုသွားပါတယ်။ တံတိုင်း ဆောက်ဖို့ကို ကန့်ကွက်နေတဲ့ ဒီမိုကရက်တွေဟာ အမေရိကန်ကို အန္တရာယ်ကျရောက်အောင် လုပ်နေသူတွေလို့ မစ္စတာ ထရမ့်က ပြောပါတယ်။

မက္ကစီကို၊ ကနေဒါ နိုင်ငံတွေနဲ့ သဘောတူထားတဲ့ နက်ဖ်တာ Nafta ကုန်သွယ်ရေး သဘောတူစာချုပ်ကို ပယ်ဖျက်ကောင်း ပယ်ဖျက်နိုင်တဲ့ သဘောမျိုးလည်း မိန့်ခွန်းမှာ ဆိုသွားပါတယ်။ ဒီသဘောတူ ညီမှုအတွက် ၃ နိုင်ငံ အဖွဲ့တွေ ပြန်လည် ညှိနှိုင်းနေတာမှာ လာမယ့် စက်တင်ဘာ ၁ ရက် ကျရင် ထပ်မံ တွေ့ဆုံဖို့ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်-မက္ကစီကို နယ်စပ် တလျှောက် အချို့နေရာတွေမှာ အရင်ကတည်းက တံတိုင်းကာရံထား

အမေရိကန်နဲ့ မက္ကစီကို ကြားက မိုင် ၂,ဝ၀ဝ ရှည်တဲ့ နယ်စပ် တလျှောက်မှာ တံတိုင်းဆောက်မယ် ဆိုတာက မစ္စတာထရမ့်ရဲ့ ရွေးကောက်ပွဲ ကတိတွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်လာ ကုဋေ ချီ ကုန်ကျမယ့် တံတိုင်းကုန်ကျစရိတ် အတွက် ကွန်ဂရက် လွှတ်တော်က အတည်မပြုခဲ့ဘဲ နယ်စပ် နေရာတချို့က တည်ဆောက်ပြီး အကာအရံတချို့အတွက်ပဲ ပြုပြင်စရိတ် ချပေးခဲ့ပါတယ်။

အကြောင်းအရာ အတော်များများ ပြောဆိုသွားတဲ့ မိနစ် ၈၀ ကြာတဲ့ အခု မိန့်ခွန်းမှာ သတင်းမီဒီယာတွေကိုလည်း ပစ်မှတ်ထား ပြောဆိုခဲ့ကာ မီဒီယာတွေက လက်ယာစွန်းတွေရဲ့ စင်မြင့် အဖြစ် အသုံးချခံနေတယ်လို့ ဆိုသွားခဲ့ပါတယ်။

အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတဲ့ ဗာဂျီနီးယားပြည်နယ် ရှားလော့စ်ဗီးလ်မြို့က လက်ယာစွန်းဝါဒီတွေရဲ့ ဆန္ဒပြပွဲ ဖြစ်ရပ် အတွက် လူဖြူကြီးစိုးရေး လက်ယာစွန်းတွေကို ရှုတ်ချတဲ့ သူ့ရဲ့ ကနဦးမှစကားကိုလည်း အခု မိန့်ခွန်းမှာ သီးသန့် ရွေးချယ်ပြီး ပြန်လည် ကိုးကားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ သူ ဆိုခဲ့တဲ့ အကြမ်းဖက်မှု အတွက် နှစ်ဘက်လုံးကို အပြစ်တင်ရမယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်ကိုတော့ အခု တခါမှာ ချန်လှပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မိန့်ခွန်းပြောရာ နေရာ အပြင်ဘက်မှာ သမ္မတထရမ့်ကို ဆန့်ကျင်ကြသူတွေလည်း ရှိ

သမ္မတ ထရမ့်ဟာ အခု မိန့်ခွန်းမှာ မြောက်ကိုရီးယား အရေးကိုလည်း ထည့်သွင်း ဆိုသွားပြီး ပြုံယမ်းရဲ့ ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်မှုတွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကို လျှော့ချပစ်နိုင်ဖို့ မျှော်လင့်တဲ့ သဘောဆိုသွားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း က အမေရိကန် အပေါ် လေးစားမှု ပြလာတဲ့ အချက်ကိုလည်း သူ့အနေနဲ့ လေးစားကြောင်း ပြောခဲ့ပါတယ်။

သမ္မတမိန့်ခွန်းကို ထောက်ခံကြသူတွေက အားပေးခဲ့ကြသလို မိန့်ခွန်းပြောရာ အဆောက်အအုံ အပြင်ဘက်မှာ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဘီဘီစီ တဝန်း