ပုဂ္ဂလလွတ်လပ်ခွင့် အခြေခံအခွင့်ရေးလို့ အိန္ဒိယဆုံးဖြတ်

  • 24 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် NOAH SEELAM
Image caption ဝန်ဆောင်မှု အတော်များများ အတွက် သက်သေခံ ကတ်ပြားလို

အိန္ဒိယနိုင်ငံသားတိုင်းအတွက် ပုဂ္ဂိုလ်တဦးချင်းစီရဲ့ လွတ်လပ်ခွင့်ဟာ အခြေခံ အခွင့်အရေး ဖြစ်တယ်လို့ အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

Aadhaar စီမံကိန်း လို့ခေါ်တဲ့ လူတဦးချင်းစီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အကြောင်း အသေးစိတ် အချက်အလက်တွေကို ဖေါ်ပြထားတဲ့ သက်သေခံကတ်ပြား စီမံကိန်းနဲ့ ပတ်သက်လို့ တရားရုံးချုပ်က အခုလို ဆုံးဖြတ်လိုက်တာပါ။

အခုအခါ အိန္ဒိယနိုင်ငံမှာ နိုင်ငံသား အားလုံးနီးပါးလောက်က အဲဒီ စီမံကိန်းမှာ မှတ်ပုံတင်ထားကြတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ကိုယ့်သဘောနဲ့ ကိုယ်လုပ်တဲ့ စီမံကိန်းလို့ မှတ်ယူရပေမယ့် လူမှုဖူလုံရေး စီမံကိန်းတွေအတွက် အကဲဖြတ်တာမျိုးနဲ့ အခွန်ငွေ အပို ပြန်လျှောက်တာမျိုးကအစ ဘဏ်စာရင်း ဖွင့်တာမျိုးအထိ ဝန်ဆောင်မှု အတော်များများ အတွက်တော့ ဒီ သက်သေခံ ကတ်ပြား ကို မလုပ်မဖြစ် လုပ်ရလေ့ ရှိပါတယ်။

ဒီသက်သေခံကတ်ပြား စီမံကိန်းကြောင့် လိမ်လည်မှုတွေ လျော့ကျသွားတယ်လို့ အစိုးရက ပြောနေပေမယ့် အခုလို ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အသုံးပြုနေတာဟာ ဥပဒေနဲ့ ညီသလားဆိုတာကို ဝေဖန်သူတွေက တရားရုံးမှာ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

လူတွေရဲ့ ကိုယ်ရေးအချက်တွေကို အစိုးရက တလွဲအသုံးချမှာကို လူ့အခွင့်အရေး အုပ်စုတွေက စိတ်ပူနေကြတာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption သက်သေခံကတ် စီမံကိန်း တရားဝင်မဝင် ဆက်ပြီး တိုက်ပွဲဝင်မယ်

အိန္ဒိယ အခြေခံ ဥပဒေ ပုဒ်မ ၂၁ မှာ ပါတဲ့အတိုင်း ပြည်သူတွေရဲ့ အသက်နဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်ပေးရမယ်၊ ဒါကြောင့် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်က အရေးကြီးတယ်လို့ အိန္ဒိယ တရားရုံးချုပ်က တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်က အရင် အိန္ဒိယ တရားရုံးချုပ်ဆုံးဖြတ်ခဲ့တဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ဟာ အခြေခံ ရပိုင်ခွင့် အခွင့်အရေး မဟုတ်ဘူးဆိုတဲ့ စီရင်ထုံး ၂ ခုကို ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုဟာ အကြွင်းမဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ဒီအမှုကို ကြားနာတုန်းက အစိုးရ ရှေ့နေတွေက ထွက်ဆိုခဲ့ကြပါတယ်။

အခုတော့ ဒါကို စိုးရိမ်ခဲ့ကြသူတွေ သက်ပြင်းချ စိတ်သက်သာရာရနိုင်ကြပြီလို့ သုံးသပ်နေကြပါတယ်။

ဒီကတ် စီမံကိန်း တရားဝင်မဝင် ဆက်ပြီး သုံးသပ် တိုက်ပွဲဝင်မယ်လို့လည်း ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ကိစ္စ တက်ကြွသူတွေက ဆိုပါတယ်။

နောက် ဒီစီရင်ချက်မှာပဲ လိင်တူ စုံမက်သူတွေကို ပြစ်ဒဏ်ပေးတဲ့ ဥပဒေကို ပြန်အသက်သွင်းခဲ့တဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက် တခုကိုလည်း ပြစ်တင်ထားပါတယ်။

ဒီစီရင်ချက်ဟာ မွတ်ဆလင်တွေကြား လုပ်လေ့ရှိတဲ့ အလျင်အမြန် ကွာရှင်းပြတ်စဲတဲ့ ဓလေ့ကို အခြေခံ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ပြီး ဒုတိယမြောက်နေ့မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်သလို လက်ရှိ အိန္ဒိယ တရားသူကြီးချုပ် အနားမယူမီ နောက်ဆုံး စီရင်ခဲ့တဲ့ အမှုကြီးလည်း ဖြစ်ပါတယ်။