ဝန်ကြီးချုပ်ဟောင်း ယင်လပ် ထိုင်းကနေ ထွက်ပြေး

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မစ္စယင်လပ်ဟာ ၂၀ဝ၈ တုန်းက တိုင်းပြည်က ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရဲ့ ညီမလည်း ဖြစ်

ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ဟာ သူ့လက်ထက် အစိုးရရဲ့ စပါးဝယ်ယူမှု ဆိုင်ရာ အစီအစဉ် တခုမှာ မသမာတာတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ တရားရုံး ဆုံးဖြတ်ချက် မတိုင်မီ နိုင်ငံခြားကို ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မစ္စယင်လပ်ဟာ တိုင်းပြည်က ထွက်ပြေးဖို့ မျှော်လင့်မထားဘဲ အချိန်တိုအတွင်းမှာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ သူ့ပါတီထဲက သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မစ္စယင်လပ် တိုင်းပြည်က ထွက်ခွာသွားတာ အမှန်ဖြစ်တယ်လို့ ပူရာထိုင်းပါတီအတွင်းက ရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဆိုပါတယ်။ ဒါပေမယ် အခြား အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဝန်ကြီးချုပ်ဟောင်းဟာ နိုင်ငံ့ဘဏ္ဍာကို ပေါ့ဆခဲ့မှုနဲ့ တရားရုံးချုပ်မှာ ဒီနေ့ အမိန့် ချခံရဖို့ ရှိပေမယ့် တရားရုံးကို လာဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒီ့အတွက် သူ့ ရှေ့နေတွေက နေထိုင်မကောင်း ဖြစ်နေလို့ ဆိုပြီး အကြောင်းပြပေမယ့် တရားရုံးကတော့ မစ္စယင်လပ်ရဲ့ အာမခံကို ပယ်ဖျက်လိုက်ကာ ဖမ်းဝရမ်းလည်း ထုတ်လိုက်ပါတယ်။

တရားရုံး အမိန့်ချမယ့်ရက်ကိုလည်း စက်တင်ဘာ ၂၇ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စယင်လပ်ကို ထောက်ခံသူတွေ တရားရုံးရှေ့မှာ စုရုံး ရောက်ရှိ

ထိုင်းနိုင်ငံအတွက် ဒေါ်လာ ဘီလီယံနဲ့ ချီဆုံးရှုံးစေခဲ့တဲ့ အဲဒီ အစီအစဉ်မှာ အမှားအယွင်း တစုံတရာ မလုပ်ခဲ့မှုလို့ မစ္စယင်လပ်က ငြင်းဆိုထားပါတယ်။

၂ နှစ် ကြာ စစ်ဆေးနေတဲ့ တရားရုံး ဆုံးဖြတ်ချက်မှာ မစ္စယင်လပ်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရနိုင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကနေလည်း ရာသက်ပန် တားမြစ်ခံရဖွယ် ရှိပါတယ်။

တိုင်းပြည်က ထွက်ခွာတဲ့ လမ်းကြောင်းတွေ အားလုံးကို သေချာ စောင့်ကြည့် စစ်ဆေးနေတယ်လို့ ထိုင်း အာဏာသိမ်း စစ် အစိုးရကို ဦးဆောင်နေတဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

မစ္စယင်လပ်ဟာ ၂၀ဝ၆ ခုနှစ်တုန်းက စစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချခံခဲ့ရတဲ့ သပ်ဆင်ရှင်နာဝတ်ရဲ့ နှမ ဖြစ်ပြီး မစ္စတာ သပ်ဆင်ရဲ့ နိုင်ငံရေး ကြားခံ အဖြစ် အတိုက်အခံတွေက ရှုမြင်ကြပါတယ်။

ဆက်သွယ်ရေး လုပ်ငန်းရှင် ကုဋေ ကြွယ် သူဌေးကြီး ဖြစ်တဲ့ မစ္စတာ သပ်ဆင်ဟာလည်း တိုင်းပြည်ပြင်ပမှာ လက်ရှိ ရှိပြီး လန်ဒန်၊ ဒူဘိုင်း၊ ဟောင်ကောင်နဲ့ စင်ကာပူက နေအိမ်တွေမှာ လှည့်လည် နေထိုင် နေပါတယ်။

မောင်နှစ်မ ၂ ယောက်လုံးဟာ ကျေးလက်က ဝင်ငွေနည်း လူတန်းစာတွေကြားမှာ ကျော်ကြားပေမယ့် မြို့ပေါ်နဲ့ အလယ်အလတ်တန်းစား ပညာတတ်တွေရဲ့ အမုန်းကိုတော့ ခံရပါတယ်။

သူတို့ရဲ့ ပူရာထိုင်းပါတီဟာ အမည်အမျိုးမျိုးနဲ့ ရှင်သန်ခဲ့ပြီး ၂၀ဝ၁ ခုနှစ် နောက်ပိုင်း ရွေးကောက်ပွဲ တိုင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

ဘီဘီစီ တဝန်း