ဆမ်ဆောင်းအမွေခံ ထောင်ဒဏ်ချမှတ်ခံရ

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption စီရင်ချက်ကို အထက်တရားရုံးတွေမှာလည်း အတည်ပြုရင် လီဂျေယောင်းဟာ ထောင်ထဲမှာ နှစ်ရှည်နေရဖွယ်ရှိ

တောင်ကိုရီးယားနိုင်ငံက ဆမ်ဆောင်း လျှပ်စစ် ကုမ္ပဏီကြီးရဲ့ တဦးတည်းသော အမွေခံ ကုဋေ ကြွယ်သူဌေး လီဂျေယောင်းကို အကျင့်ပျက် လာဘ်ထိုးမှုနဲ့ တရားရုံးက ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အသက် ၄၉ နှစ် အရွယ် ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီရဲ့ အကြီးအကဲဟာ အကျင့်ပျက်မှု စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက အဖမ်းခံနေရတာပါ။ သူ့ကို စွပ်စွဲခဲ့တဲ့ အမှုတွေမှာ လာဘ်ထိုးမှု၊ ငွေအလွဲသုံးစားလုပ်မှု၊ ပိုင်ဆိုင်မှုတွေကို ပြင်ပမှာ ဖုံးကွယ်ထားရှိမှုတွေပါဝင်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ တရားရုံး စီရင်ချက်မှာ မစ္စတာလီနဲ့အတူ ဆမ်ဆောင်းရဲ့ အမှုဆောင်အရာရှိ ၂ ယောက်ကိုလည်း ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချခံရပါတယ်။

ဒါဟာ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွမ်ဟေးရဲ့ အမှုနဲ့ ဆက်စပ်ပါတယ်။

အစိုးရက နိုင်ငံရေးအရ မျက်နှာသာပေးပြီး လက်သိပ်ထိုး လုပ်ငန်းခွင့်ပြုချက်တွေ ရစေဖို့ အတွက် မစ္စပတ်ရဲ့ လူယုံ တယောက် ဖြစ်တဲ့ ချွိုင်ဆွန်ဆေးလ် တည်ထောင်ထားတဲ့ အကျိုးအမြတ်မဲ့ ပရဟိတ လူမှုကူညီရေး အဖွဲ့အစည်းကို ဆမ်ဆောင်းက အမေရိကန်ဒေါ်လာ ၃၆ သန်း လှူဒါန်းခဲ့တာပါ။

ဒီ ငွေပေးမှုကို သူ လုံးဝ မသိခဲ့ဘူးလို့ မစ္စတာလီရဲ့ ရှေ့နေအဖွဲ့က ချေပခဲ့ပေမယ့် တရားရုံးကတော့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကြောင့် ချေဘဲလ်လို့ ညွန်းဆိုကြတဲ့ ဆမ်ဆောင်းမိသားစု စီးပွားလုပ်ငန်းကြီးကို တောင်ကိုရီးယား မှာ စိတ်ဆိုးဒေါသထွက် ဝေဖန်မှုတွေ တိုးပွားလာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ စီးပွားလုပ်ငန်းရှင်ကြီးတွေကို အကျင့်ပျက်မှုနဲ့ အရေးယူ အပြစ်ပေးတာမျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။

အရင်တုန်းကတော့ ပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားတာ ဒါမှမဟုတ် သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ လုပ်လေ့ရှိပါတယ်။

ဒါပေမယ့် လက်ရှိ သမ္မတသစ် မွန်းဂျေအင်းကတော့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ဘီဘီစီ တဝန်း