တက္ကဆက်ထဲ ဟာဗေး မုန်တိုင်း နောက်ဆက်တွဲဒဏ် တွေ့ကြုံ

  • 26 ဩဂုတ် 2017
Image caption မုန်တိုင်း ဝင်အပြီး နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်နေရ။

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ထဲကို ဟာဗေး ဟာရီကိန်း မုန်တိုင်း အင်အားပြင်းပြင်း ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။

အမေရိကန် ကုန်းတွင်းကို ဝင်ရောက် လာတဲ့ မုန်တိုင်းတွေထဲ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း ဟာဗေး ဟာရီကိန်းဟာ အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်ပါတယ်။

တက္ကဆက် ပြည်နယ်က သူတွေ မုန်တိုင်းဒဏ် တညလုံး ခံခဲ့ရပြီး အခုတော့ အပျက်အစီး ပုံတွေ ကြားထဲ သူတို့ကို တွေ့နေရပါတယ်။

ဒီမုန်တိုင်းဟာ တက္ကဆက် ကုန်းတွင်းပိုင်းကို ၂ ကြိမ် ဝင်တိုက် ခဲ့တာဖြစ်ပါတယ်။

ပထမ တခါက ကောပတ်စ် ခရစ္စတီ ဆိုတဲ့ မြို့နားမှာ ဖြစ်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၁၃၀ ကျော် ရှိခဲ့ပါတယ်။

အဲဒီနောက် မုန်တိုင်းက ကမ်းရိုးတန်း တလျောက်ကို ပြန်ထွက်ပြီး တိုက်ခတ် နေခဲ့ရာ ကနေ နောက် နာရီ အနည်းငယ်အကြာမှာ မြောက်ဘက် ပိုကျတဲ့ ရော့ပို့တ် မြို့ကို ဝင် ပါတယ်။

လေပြင်းအား တနာရီ မိုင် ၁၃၀ ကျော် တိုက်တာ ဖြစ်လို့ ပြင်းအား အဆင့် ၄ ထဲဝင်ခဲ့ပြီး အခုတော့ ပြင်းအား အဆင့် ၁၊ တနာရီ မိုင် ၇၀ နဲ့ ၉၅ ကြားနှုန်း ကို ကျဆင်း ခဲ့ပါတယ်။

မုန်တိုင်းကြောင့် အဆောက်အဦးတွေ ပြိုကျတာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက် တာတွေ ကြုံနေ ကြရပါတယ်။

ကောပတ်စ် ခရစ္စတီ မှာ သစ်ပင်တွေ လဲပြိုခဲ့ ပေမယ့် ဒေသခံ တွေဟာ မုန်တိုင်း သတိပေးချက် တွေကို လိုက်နာပြီး အိမ်တွေ ကနေ ဝေးရာကို ကြိုရှောင် ခဲ့ကြပြီး သူတို့ အိမ်တွေကို မုန်တိုင်းဒဏ် ခံနိုင်အောင် ပြတင်းပေါက်တွေ တံခါးတွေ နေရာမှာ ဘုတ်ပြားကြီးတွေ နဲ့ ပိတ်ရိုက် ကာကွယ်တာတွေ လုပ်ခဲ့ကြပါတယ်။

ရော့်ပိုတ့်မြို့ကို မုန်တိုင်းရောက်တဲ့ အခါမှာလည်း တနာရီ ၁၂၅ မိုင်အထိ ရှိနေ ပါသေးတယ်။

အဲဒီမှာ အသက်အရွယ်ကြီးသူတွေ နေထိုင်တဲ့ အိမ်ယာ တိုက်တန်း တခု မှာ အကြီးအကျယ် ပျက်စီးတာတွေ ဖြစ်ခဲ့ပြီး၊ အမိုး ပြိုကျနေတဲ့ အပျက်အစီး ပုံတွေထဲ လူတွေ ပိတ်မိ နေမလား ဆိုတာ စိုးရိမ် နေကြရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ ၀င်ရောက် ဖို့လည်း အခက်အခဲတွေ ကြုံနေရတယ်လို့ မြို့ပိုင် ပက်ထရစ် ရီယို့စ် က စီဘီအက်စ် သတင်းဌာနနဲ့ အဆက်အသွယ်ရ တုန်းက ပြောခဲ့ပါတယ်။

မုန်တိုင်း ဝင်အပြီး မှာတော့ လျှပ်စစ် ပြတ်တောက်တာမျိုး ရေကြီးတာမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဆက်လက် ရင်ဆိုင် နေရပါတယ်။

တက္ကဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး အက်ဘော့ က သူ့ပြည်နယ်မှာ အင်မတန် ကြီးမားတဲ့ သဘာဝ အန္တရာယ် ကြုံနေရပြီလို့ သတိပေးနေပါတယ်။

တက္ကဆက် ကမ်းရိုးတန်း တလျောက် မှာတင်မက လူဝီစီယားနား ပြည်နယ် ဘက်မှာလည်း နောက် ရက်ပိုင်းတွေအထိ သက်ရောက်မှုတွေရှိမယ့် အကြောင်း ဟားရသ် ကောင်တီ လုံခြုံရေးနဲ့ အရေးပေါ် စီမံရေးအဖွဲ့ က ပြောခွင့်ရသူ ဖရန်စစ္စကို ဆန်ချက် က ပြောပါတယ်။

ဟာဗေး ဟာရီကိန်းဟာ မက္ကဆီကို ပင်လယ်ကွေ့ က ရေနံထုတ်တဲ့ နေရာတွေကိုလည်း အကြီးအကျယ် ထိခိုက်ခဲ့ပြီး၊ ရေနံချက် စက်ရုံတွေ ရှိရာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကောပတ်စ် ခရစ္စတီ မြို့လည်းထိခိုက် ခဲ့တာမို့ ရေနံစျေး အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။