ဟာဗေး မုန်တိုင်း ကြောင့် ရေကြီးမှာကို စိုးရိမ်နေရ

  • 27 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ရေကြီးရေလျှံမှု တွေ ဖြစ်လာမှာကို အကြီးအကျယ် စိုးရိမ် နေကြ

အမေရိကန်နိုင်ငံမှာ ၁၃နှစ်တာ ကာလအတွင်း အဆိုးဝါးဆိုးလို့ ဆိုရမယ့် ဟာရီကိန်း မုန်တိုင်း တိုက်ခံခဲ့ရအပြီး တက္ကဆက်စ်ပြည်နယ်မှာ မိုးအကြီးအကျယ် သီးထန်နေပြီး ရေကြီးရေလျှံမှု တွေ ဖြစ်လာမှာကို အကြီးအကျယ် စိုးရိမ် နေကြပါတယ်။

ဟာဗေး ဟာရီကိန်း မုန်တိုင်းဟာ ပြင်းအား အဆင့်၄ ရှိတဲ့ မုန်တိုင်းအဖြစ် စတင် တိုက်ခဲ့တာ ဖြစ်ပြီး အခုတော့ အပူပိုင်း မုန်တိုင်းအဖြစ် အဆင့်လျှော့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒဏ်ကြောင့် ခုချိန်ထိ လေပြင်းတွေတိုက် မိုးတွေအကြီးအကျယ် ရွာနေဆဲ ဖြစ်ပါတယ်။

ဟူစတန်မြို့နဲ့ Corpus Christi မြို့တွေမှာဆို မိုးရေချိန် လက်မ ၂၀ အထိ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်း အရှိန် လုံးဝ လျော့ကျသွားတဲ့ သီတင်းပတ် အလယ် မတိုင်ခင် မိုးရေချိန် လက်မ ၄၀လောက် ရှိတဲ့ မိုးရွာသွန်းမှုတွေ ရှိနေနိုင်ပြီး ဆိုးဝါးတဲ့ ရေကြီး ရေလျှံမှု အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ် လို့ တက္ကဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က သတိပေးထားပါတယ်။

အခုအခါ တက္ကဆက်စ်ပြည်နယ်ထဲမှာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ခရိုင်အရေအတွက်ကို ခရိုင်၃၀ကနေ ၅၀အထိ တိုးမြှင့် လိုက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ဖို့ စစ်တပ်ဖွဲ့ဝင် ၁၈၀၀ ကို စေလွှတ်ထားပါတယ်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ နေရာတွေဆီ ဖယ်ဒရယ်အစိုးရရဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပို့ပေးဖို့ သမ္မတ ထရမ့်က ခွင့်ပြုမိန့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

လောလောဆယ် ဟူစတန် မြို့ခံတွေ ကို နေအိမ်တွေထဲမှာပဲ နေကြဖို့ တက္ကဆက်စ်ပြည်နယ် Harris County ခရိုင် တာဝန်ရှိပုဂ္ဂိုလ် တရားသူကြီး Ed Emmett က တိုက်တွန်းထားပါတယ်။

အခု မိုးသီးထန်နေမှုတွေကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်လာမှာကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အဆင့် အသီးသီးကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ဟူစတန်မြို့သူ မြို့သားတွေ အနေနဲ့ သတိ ရှိကြဖို့နဲ့ တတ်နိုင်ရင် အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့ သတိပေးလိုကြောင်း သူက ပြောသွားပါတယ်။

ဟူစတန်မြို့တောင်ပိုင်းမှာ Brazos မြစ်မှာ မြစ်ရေ အကြီးအကျယ် မြင့်တက်လာနေတာကြောင့် အဲဒီက အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသား ၄၅၀၀လောက်ကို တက္ကဆက်စ်ပြည်နယ် အရှေ့ပိုင်းက တခြား အကျဉ်းထောင်တွေဆီ ရွှေ့ပြောင်း ထားရှိခဲ့ရပါတယ်။

ပင်လယ်ပြင်ထဲမှာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရေယာဉ်တွေကနေ အနည်းဆုံး လူ၁၈ဦးကို ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရပါတယ်။

Rockport ဆိုတဲ့ မြို့ လေးမှာတော့ လောလောဆယ် လူတဦး သေဆုံးခဲ့တယ်လို့ အတည်ပြု သိရပြီး နောက်တဦး သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အအုံတွေ အများအပြား ထိခိုက် ပျက်စီးခဲ့ပြီး အခု ဒီကနေ့ တနင်္ဂနွေနေ့နဲ့ မနက်ဖြန် တနင်္လာနေ့အထိ ဆက် တိုက်နေအုံးမယ့် ပုံ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။