ရေကြီးနေတဲ့ ဟျူစတန်မြို့မှာ လူ နှစ်ထောင်၀န်းကျင်ကို ကယ်ဆယ်ရ

  • 27 ဩဂုတ် 2017
Image caption လူ နှစ်ထောင် ဝန်းကျင်ကို ကယ်ဆယ်

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်ထဲ မုန်တိုင်း ဆက်လက် ရှိနေဆဲ ဖြစ်ပြီး၊ မိုးတွေ သည်းသည်း ထန်ထန် ရွာနေဦးမှာ ဖြစ်တဲ့ အတွက် အများပြည်သူတွေ အနေနဲ့ သတိထားကြဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့ Greg Abbot က သတိပေးပါတယ်။

ကမ်းရိုးတန်းမြို့ ဖြစ်တဲ့ ကောပတ်စ် ခရစ္စတီ အပါအဝင် နေရာ တချို့မှာ ဆိုရင် စံချိန်တင် မိုးရေချိန် ရောက်တဲ့ အထိ ရွာသွန်း နိုင်တယ်လို့ မစ္စတာ အက်ဘော့က သတင်းထောက်တွေကို ပြောပါတယ်။

အများပြည်သူကို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ပြည်စောင့်တပ် National Guard တပ်ဖွဲ့ဝင် အယောက် ၃ဝဝဝ အထိ ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

တက္ကဆက်ပြည်နယ်ထဲ လမ်းမတွေ အများအပြား ပိတ်နေပြီး အမေရိကန် မြို့တွေထဲ စတုတ္ထမြောက် အကြီးဆုံး ဖြစ်တဲ့ ဟျူစတန်မြို့ အပါအဝင် ရေကြီးနေတဲ့ အနီး ဝန်းကျင် ဒေသတွေကနေ လူ နှစ်ထောင် ဝန်းကျင်ကို ကယ်ဆယ် ထားရပါတယ်။

တက္ကဆက် ပြည်နယ်ထဲ ဟာဗေးမုန်တိုင်း ဝင်ရောက်လာပြီး ကတည်း အတည်ပြုလို့ ရထား နိုင်သမျှ သေဆုံးသူ နှစ်ဦး ရှိပါတယ်။