မြောက်ကိုရီးယား မစ်ဆိုင်းစမ်းသပ်မှု နိုင်ငံတကာ တုံ့ပြန်

  • 30 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် KCNA
Image caption မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ မစ်ဆိုင်း ဂျပန်နိုင်ငံကို ဖြတ်ပြီး ပင်လယ်ထဲကျ

မြောက်ကိုရီယား က ပဲ့ထိန်းစနစ် မစ်ဆိုင်းဒုံးတခုကို ဂျပန်နိုင်ငံ ပိုင်နက်ကိုဖြတ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းနားက ပင်လယ်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့အပြီးမှာ နိုင်ငံတကာထံကနေ စိုးရိမ်တကြီး တုံ့ပြန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အခုအခါ အခြေအနေဟာ ပေါက်ကွဲလုဆဲဆဲ ကို ရောက်နေပြီလို့ တရုတ်အစိုးရက သတိပေး ပြောကြားလိုက်ပြီး ဒီပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ အခိုင်အမာ ပြောသွားပါတယ်။

ရုရှားအစိုးရကလည်း သူတို့အကြီးအကျယ် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လတ်တလော လုပ်နေတဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကြောင့် မြောက်ကိုရီးယားကို ရန်စသလို ဖြစ်နေတယ် ဆိုပြီး တရုတ်အစိုးရ ပြောသလို ရုရှားကလည်း ပြောခဲ့ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Nikki Haley က ဘယ်နိုင်ငံရဲ့ အပေါ်ကမှ မစ်ဆိုင်းဒုံး ဖြတ်ခွင့် မရှိကြောင်းနဲ့ ဒီလုပ်ရပ်ကို လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ပြောပါတယ်။

ဒါပေမယ့် ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ် Han Tae Song ကတော့ သူတို့ အကြိမ်ကြိမ် အဖန်ဖန် သတိပေးနေတဲ့ကြားက အမေရိကန်ဘက်က ရန်လိုတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ပြရင်း ဗြောင်ဗြောင်တင်းတင်း ရန်စခဲ့တာလို့ တုံ့ပြန် ပြောသွားပါတယ်။

အခုအခြေအနေမှာ မြောက်ကိုရီးယားရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတခု ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အရှိန်အဝါတွေ သုံးပြီး မြောက်ကိုရီးယားကို ထိန်းနိုင်မလားဆိုတာကို အနောက်အုပ်စုက စောင့်ကြည့်သုံးသပ်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက အာခံတယ် ဆိုပြီး ရုရှားလိုပဲ တရုတ်ကလည်း ဝေဖန် ပြစ်တင်ခဲ့ပေမယ့် အခုလို ဖြစ်ရတာဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေကြောင့် ဆိုပြီး ဘေဂျင်းမြို့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက ပြစ်တင် ပြောသွားခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ် ပြဿနာဟာ ကာလတာရှည် နက်နဲရှုပ်ထွေးတဲ့ ကိစ္စရပ်ဖြစ်ပြီး ဒီပြဿနာကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တပါတ်လောက်တုန်းကတော့ အမေရိကန် သမ္မတ ထရမ့်က အမေရိကန်တွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်အွန်း စလေးစားသမှု ပြုရတော့မယ်ဆိုပြီး အရစ်ဇိုနားပြည်နယ်မှာ သူ့ကို ထောက်ခံအားပေးသူတွေကို ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ မြောက်ကိုရီးယားကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့နဲ့ နှစ်ဘက် တွေ့ဆုံဆွေးနွေးကောင်း ဆွေးနွေးဘွယ် ရှိတယ် လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ပြောဆိုမှုတွေအားလုံးကတော့ အခုအခါ မြောက်ကိုရီးယားအပေါ် ဖိအားပေးဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ ဆွေးနွေးပြောဆိုနေမှုတွေကြားမှာ ပျောက်ကွယ်သွားပြီလို့ သံတမန်ရေးရာ ဘီဘီစီ သတင်းထောက် Paul Adams က သတင်းပေးပို့ထားပါတယ်။