တက္ကဆက် ရေကြီးမှု အဆိုးဆုံးက မလွတ်သေး

  • 31 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ရေကြီးမှုကြောင့် လူ၃သောင်းကျော်လောက် ယာယီစခန်းတွေမှာ ခိုလှုံနေရ

အမေရိကန်နိုင်ငံမှာ ဟာဗီ အပူပိုင်း မုန်တိုင်းက အခုအခါ လူဝီဇီယားနား ပြည်နယ်မှာ ရောက်ရှိနေပြီ ဖြစ်ပြီး ကမ်းရိုးတန်းတွေမှာ ပင်လယ်ရေပြင်မြင့်တက်မှုတွေ ရှိနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တက္ကဆက်ပြည်နယ်မှာ အခုအခါ ရာသီဥတု အခြေအနေ ကောင်းလာပြီလို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်း ပြောနေပေမယ့် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbot ကတော့ ရေကြီး ရေလျှံမှု အဆိုးဝါးဆုံး အန္တရာယ် ကနေ လွတ်မြောက်အုံးမှာ မဟုတ်သေးဘူးလို့ သတိပေးလိုက်ပါတယ်။

မိုးတွေ ဆက်ရွာနေအုံးမှာ ဖြစ်ပြီး တချို့နေရာတွေမှာ နောက်တပတ်လောက်အထိ ရေကြီးမှုတွေ ဆက်ဖြစ်နေအုံးမယ်လို့ ဆိုပါတယ်။

တက္ကဆက်ပြည်နယ်မှာ လူ ၂၀ကျော်သေဆုံးခဲ့တယ်လို့ သိရပြီး ဟူစတန်၊ ပို့အာသာစတဲ့ မြို့တွေမှာ နေရာ အတော်များများ ရေကြီးနေပါတယ်။

နေအိမ် စွန့်ခွာခဲ့ရသူ ၃သောင်းကျော်လောက် ယာယီ စခန်းတွေမှာ ခိုလှုံနေရတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ စစ်တပ်ဖွဲ့ဝင်တွေ ပိုချထားမယ့် အကြောင်းကိုလည်း ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbot က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တက္ကဆက်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ရေနံ ချက်စက်ရုံကြီးကို ယာယီ ပိတ်ထားလိုက်ရပါတယ်။

တခါ Crosby မြို့မှာ ဓာတု စက်ရုံတခု ပေါက်ကွဲမယ့် အန္တရာယ် ရှိနေတဲ့ အတွက် စိုးရိမ်နေကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက် လူဦးရေ အများဆုံး မြို့ကြီး ဖြစ်တဲ့ ဟူစတန်မြို့မှာ လူတွေ အိမ်ပစ်ပြီး ယာယီစခန်းတွေမှာ သွားခိုလှုံနေရတဲ့အတွက် ခိုးဆိုး လုယက်မှုတွေ ဖြစ်မလာအောင် တားဆီးတဲ့အနေနဲ့ ညမထွက်ရအမိန့် ယာယီ ထုတ်ပြန်ထားပါတယ်။

ဟာဗီမုန်တိုင်းဟာ တက္ကဆက်ပြည်နယ်ကို နှစ်ပေါင်း ၅၀ကျော်အတွင်း အားအပြင်းဆုံး တိုက်ခဲ့တဲ့ မုန်တိုင်းဖြစ်ပါတယ်။