အာဖဂန်က အမေရိကန်တပ်သား အရေအတွက် ပင်တဂွန် ထုတ်ပြန်

  • 31 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဖဂန်မှာ အမေရိကန်စစ်ဆင်ရေးတိုးမြှင့်ဖို့ သမ္မတထရမ့် သန္နိဋ္ဌာန်ချထား

အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် တပ်သား ၁၁,ဝ၀ဝ လောက်ရှိတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ ဒါဟာ တချိန်က ထုတ်ပြောထားတဲ့ အရေအတွက်ထက် သိသိသာသာ များလာပါတယ်။

အရင်တုန်းကတော့ အာဖဂန်နစ္စတန်မှာ အမေရိကန် တပ်သား ၈,၄၀ဝ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို နှိမ်နင်းဖို့ အတွက် အမေရိကန် တပ်သား ၄,ဝ၀ဝ အထိ တိုးချဖို့ ပင်တဂွန်က ပြင်ဆင်နေတုန်းမှာ အခု ကြေညာချက် ထွက်ပေါ်လာတာပါ။

ဓာတ်ပုံ မူပိုင် EPA
Image caption အစိုးရတပ်ကို လေ့ကျင့်ကူညီပေးဖို့ အာဖဂန်မှာ အမေရိကန်တပ်တိုးချဖို့ရှိ

အခုလို ထုတ်ပြန်တာက ပွင့်လင်းမြင်သာရှိမှု တိုးတက်လာဖို့ရာ ခြေလှမ်းတရပ်လို့ ပင်တဂွန်က ဆိုပေမယ့် အီရတ်နဲ့ ဆီးရီးယားက အမေရိကန်တပ်သား အရေအတွက်ကိုတော့ ချမပြသေးပါဘူး။

အာဖဂန်က တပ်သား အရေအတွက်ကို ထုတ်ပြောတာက အဲဒီမှာ အမေရိကန်တပ်တွေ တိုးချသွားဖို့ ပြင်ဆင်နေတဲ့ သဘောမဟုတ်ဘဲ ကွဲပြားနေတဲ့ တပ်သားအရေအတွက်နဲ့ ပတ်သက်ပြီး ရှင်းလင်းစေဖို့ ဖြစ်တယ်လို့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကဲနက်မက္ကဇီက ပြောပါတယ်။

စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေက အမေရိကန် တပ်သားတွေကို ရေတွက်နေတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်စ်ကတော့ မကျေနပ်တဲ့ သဘော ထုတ်ဖော်ပြောဆိုထားပြီး အာဖဂန်က တပ်သား အရေအတွက် ကိန်းဂဏန်း အတိအကျကို သိရတော့မှသာ အဲဒီကို နောက်ထပ် တပ်သား ဘယ်လောက် ထပ်စေလွှတ်မလဲ ဆိုတာကို သူ့အနေနဲ့ ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က အာဖဂန်မှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သား ၁ ယောက်ရဲ့ အလောင်းကို ပြန်သယ်လာတဲ့ မြင်ကွင်း

တပ်သားတိုးချမယ့် ကိစ္စက အရင် သီတင်းပတ်က သမ္မတထရမ့် ကြေညာခဲ့တဲ့ အာဖဂန်ကနေ အလျင်စလို အမေရိကန်တပ်တွေ ထွက်ခွာဖို့ မရှိဘူး ဆိုတဲ့ မူဝါဒသစ်ရဲ့ အစီအစဉ် တစိတ်တဒေသ ဖြစ်ပါတယ်။

အမေရိကန် တပ်သားတွေကို ပြောခဲ့တဲ့ သမ္မတမိန့်ခွန်းထဲ အာဖဂန်မှာ အမေရိကန်စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ကို ဆိုသွားပြီး တိုင်းပြည် တခု တည်ထောင်ပေးနေတဲ့ လမ်းကြောင်းကနေ အကြမ်းဖက်သမားတွေကို သတ်ဖြတ်မယ့် ချဉ်းကပ်မှုကို ပြောင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

တာလီဘန်ဘက်ကတော့ အမေရိကန်တပ်တွေ မရုပ်သိမ်းရင် အာဖဂန်နစ္စတန်ဟာ အမေရိကန်ရဲ့ သင်္ချိုင်းဖြစ်သွားမယ်လို့ တုံ့ပြန်ချေပခဲ့ပါတယ်။

ဘီဘီစီ တဝန်း