မြောက်ကိုရီးယားအရေး သံတမန်နည်းနဲ့ ဖြေရှင်းဖို့ လမ်းဖွင့်ထားဆဲ

  • 31 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် KCNA
Image caption မြောက်ကိုရီးယားအစိုးရမီဒီယာက တရားဝင် ထုတ်ပြန်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်နေပုံ

မြောက်ကိုရီးယားအပေါ် သံတမန်ရေး ဆွေးနွေး အဖြေရှာဖို့ နည်းလမ်းက အမြဲ လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ပြောလိုက်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆွန်ယောင်မူးနဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ တွေ့ဆုံအပြီးမှာ မြောက်ကိုရီးယားနဲ့ သံခင်းတမန်ခင်း ဆက်ဆံနိုင်ဖို့ မျှော်လင့်ချက်ကုန်နေပြီလား ဆိုတဲ့ မေးခွန်းကို မစ္စတာမက်တစ်က ဖြေကြားခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Twitter: Donald J. Trump
Image caption သမ္မတထရမ့်ရဲ့ တွစ်တာက ပြောဆိုချက်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးရည်မှန်းချက် ရှိနေတဲ့ တိုင်းပြည်နဲ့ ဆက်ဆံရာမှာ စကားပြောနေတာက အဖြေမဟုတ်ဘူးလို့ သူ့ရဲ့အွန်လိုင်းလူမှုကွန်ရက် တွစ်တာမှာ ရေးခဲ့ပြီးနောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီးရဲ့ အခု မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း အနည်းငယ် ထိစပ်ပြီး ဂျပန်နဲ့လည်း ရေပိုင်နက် ထိစပ်နေတဲ့ ရုရှကလည်း မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးမယူဖို့ အမေရိကန်ကို သတိပေးထားပါတယ်။ စစ်ရေးနည်းနဲ့ ဖြေရှင်းရင် မှန်းဆလို့ မရတဲ့ အကျိုးဆက်တွေ အပြည့် ခံစားရမယ်လို့ ရုရှက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်္ဂါနေ့က ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည်က ဂျပန်တပြည်လုံးကို တုန်လှုပ်သွားစေခဲ့

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်ပိုင်နက်ကို ဖြတ်ပြီး ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ သတိအနေအထား တရပ် ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းပေါ်က ဖြတ်ကျော်ပြီး မိုင် ၇၃၀ အကွာက ကမ်းလွန်ပင်လယ်ထဲကို ကျရောက်ခဲ့တဲ့ အဲဒီဒုံးကျည်ဟာ အရင်က မကြုံဖူးခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အကြီးအကျယ် ခြိမ်းခြောက်မှုလို့ ဂျပန်က ပြစ်တင်ခဲ့ပါတယ်။ လူထုကိုလည်း ဒုံးကျည်ရန်ကာကွယ်ရေး နှိုးဆော်တာတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန်မှာ ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်တာတွေ လုပ်နေ

ဒီဒုံးကျည် စမ်းသပ်မှုဟာ ပစ္စဖိတ် သမုဒ္ဒရာထဲ နောက်ထပ် လုပ်ဖို့ ရှိတဲ့ စစ်ဆင်ရေးတွေရဲ့ ပထမခြေလှမ်းသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က နောက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ အရင်က ခြိမ်းခြောက်ဖူးတဲ့ အမေရိကန်ပိုင် ပစ္စဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းကိုလည်း ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ သတင်းဌာန ကေစီအန်အေရဲ့ အာဘော်ကဏ္ဍမှာလည်း ဂျပန်ကို အကြီးကျယ်ဆုံး ရန်သူ အဖြစ် ကြေညာထားပြီး တိုကျိုအစိုးရအနေနဲ့ အမေရိကန်နဲ့ မဟာမိတ်ပြုနေသရွေ့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မယ်လို့ သတိပေးခဲ့ပါတယ်။

Image caption ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားဒုံးကျည်လမ်းကြောင်း ခန့်မှန်းချက်

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုကို အဖွဲ့ဝင်နိုင်ငံအားလုံးကရှုတ်ချခဲ့ပြီး ဒုံးကျည်စမ်းသပ်တာတွေ အားလုံးရပ်ဖို့ တောင်းဆိုခဲ့ပေမယ့် အသစ်တဖန် ပိတ်ဆို့ အရေးယူတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

မြောက်ကိုရီးယား သံတမန် ဂျူယောင်းချိုလ်ကတော့ သူတို့ အနေနဲ့ နောက်ဆုတ်မှာ မဟုတ်သလို နောက်ထပ် ပြင်းထန်တဲ့ တန်ပြန် အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ လက်နက်ဖြုတ်သိမ်းရေး ဂျနီဗာ ဆွေးနွေးပွဲမှာ ဆိုခဲ့ပါတယ်။ ပြုံယမ်းအစိုးရ အနေနဲ့ ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေ အတွက် သူတို့ အပေါ် အပြစ်ပုံချတာမျိုးကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ သူက ဆိုပါတယ်။

ဘီဘီစီ တဝန်း