ရုရှား ကောင်စစ်ဝန်ရုံး အမေရိကန် ပိတ်ပစ်

  • 1 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆန်ဖရန်စစ်ကိုရှိ ရုရှားကောင်စစ်ဝန်ရုံး

ဆန်ဖရန်စစ်ကို မြို့မှာရှိတဲ့ ရုရှား ကောင်စစ်ဝန်ရုံးနဲ့ ကုန်သွယ်ရေး မစ်ရှင်၂ခုကို ပိတ်ပစ်ဖို့ အမေရိကန်က အမိန့်ပေးလိုက်ပါတယ်။ ဒါဟာရုရှား အစိုးရက အမေရိကန် သံတမန် အရေအတွက်ကို ပြီးခဲ့တဲ့လတုန်း ကလျှော့ချ လိုက်တာကို လက်တုံ့ပြန်တာ ဖြစ်ပါတယ်။

အခုအခါ ကောင်စစ်ဝန်ရုံးနဲ့ နယူးယောက်နဲ့ ဝါရှင်တန်မှာရှိတဲ့ ကုန်သွယ်ရေး မစ်ရှင်တွေကို စနေနေ့ နောက်ဆုံးထား ပိတ်ပစ်ရမှာ ဖြစ်ပါတယ်။

ရုရှားမှာရှိတဲ့ အမေရိကန် သံတမန် အရေအတွက် ၇၅၅ ယောက်လျှော့ချဖို့ သမ္မတပူတင်က အမိန့်ထုတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချဖို့ ဖြစ်လာ ရတာကတော့ ရုရှားက ခရိုင်းမီးယား ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှု အသစ်တွေချပြီး အမေရိကန်က ရုရှားသံတမန် ၃၅ယောက် နှင်ထုတ်တဲ့ အတွက်အပြန်အလှန် အရေးယူနေကြတာဖြစ်ပါတယ်။ အခုအခါ ရုရှားရှိ အမေရိကန်သံတမန်တွေ ဒီကနေ့ နောက်ဆုံးထားပြီးထွက်ခွာရမှာပါ။

အခုလိုသံတမန် ဆက်ဆံရေးမှာ တင်းမှာမှုတွေ ကြီးထွား လာတာကို စိတ်မကောင်းဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လဗရော့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆင်ကို ဖုန်းဆက် ပြောပါတယ်။ ရုရှားအစိုးရ ဘက်ကလည်း ဒီအမိန့်ကိုလေ့လာပြီး ပြန်တုံ့ပြန်ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်ဘက်က ရုရှားသံရုံးတွေကို ပိတ်ပေမယ့် သံတမန်တွေ ကတော့ ထွက်ခွာစရာ မလိုဘူးလို့ သိရပါတယ်။ အခုလို ပိတ်တဲ့အထဲမှာ နယူးယောက်နဲ့ ဝါရှင်တန်က စီးပွားရေးမစ်ရှင်ရုံးတွေ ပါတာကတော့ ရုရှားကို စီးပွားရေးအရ အထိနာစေတဲ့အတွက် ဒီဆောင်ရွက်မှုဟာ အရေးပါတယ်လို့ ပြောနိုင်ကြောင်း ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက် Gary O Donoghue ကပြောသွားပါတယ်။