မြောက်ကိုရီးယားသံအမတ်ကို ယူကေဆင့်ခေါ်

  • 1 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အင်္ဂါနေ့က ဂျပန်ကို ကျော်ပြီး ပစ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်အရေး နိုင်ငံတကာက တုံ့ပြန်နေ

မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့မှုအတွက် ဗြိတိန် အစိုးရ ဝန်ကြီး တယောက်က မြောက်ကိုရီးယား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်ပိုင်နက်ကို ကျော်ဖြတ်ပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာအပေါ် ဗြိတိန်ရဲ့ အာရှ ပစ္စဖိတ်ဆိုင်ရာ ဝန်ကြီး မာ့ခ်ဖီးလ်က မြောက်ကိုရီးယား သံအမတ်ကြီးကို ဆင့်ခေါ် ဝေဖန်ပြစ်တင်ခဲ့တာပါ။

ဒီပစ်လွှတ်မှုအတွက် ယူကေက မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ ဝန်ကြီး မာ့ခ်ဖီးလ်က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ထရီစာမေနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဂျပန်မှာ တွေ့ဆုံကာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို တန်ပြန်မလဲ ဆွေးနွေးခဲ့အပြီးမှာ အခုလို ဗြိတိန်ဝန်ကြီး တဦးက မြောက်ကိုရီးယား သံအမတ်ကြီးကို တရားဝင် ခေါ်ယူ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် KCNA
Image caption မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်ချက်အရ ဒုံးကျည်ပစ်လွှတ်မှုကို ကင်ဂျုံအွန်းကိုယ်တိုင် ကြီးကြပ်ခဲ့တယ်ဆို

မြောက်ကိုရီးယားရဲ့ မိတ်ဆွေ နိုင်ငံ ဖြစ်တဲ့ တရုတ်က တဆင့် အပါအဝင် မြောက်ကိုရီးယား အပေါ် နောက်ထပ် ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ဝန်ကြီးချုပ်မေက ဂျပန်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းပေါ်က ဖြတ်ပြီး မိုင် ၇၃၀ အကွာ ကမ်းလွန်ပင်လယ်ထဲကို ကျရောက်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ အရင် မကြုံဖူးသေးတဲ့ အကြီးအကျယ် ခြိမ်းခြောက်မှုတခုလို့ ဂျပန်က ပြစ်တင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်္ဂါနေ့မှာ တိုကျိုမြို့တော်က အမေရိကန် ယိုကိုတာလေတပ်စခန်းမှာ ဒုံးကျည်ကာကွယ်ရေးစနစ် စမ်းသပ်ခဲ့

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုတွေနဲ့ ဆန့်ကျင့်ပြီး ပြုလုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အပေါ် ခြိမ်းခြောက်နေတာတွေကို ယူကေ အနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့ ဝန်ကြီး မာ့ခ်ဖီးလ်က ဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာတွေ ရပ်တန်းက ရပ်ပြီး နိုင်ငံတကာနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေ အရှိန်မြှင့်တင်နေတာနဲ့ အတူ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြုံယမ်းအစိုးရကြား နှစ်ဘက် အပြန်အလှန် စကားစစ်ထိုးပွဲတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ ကိုရီးယားကျွန်းဆွယ်အရေးဟာ လိပ်ခဲတည်းလည်း ဖြစ်နေတာပါ။

သြဂုတ်လထဲမှာ မြောက်ကိုရီးယားက ခေါင်းဆောင် ကင်ဂျုံအွန်း ခွင့်ပြုရင် အမေရိကန်ပိုင် ပစ္စဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာခဲ့ပါတယ်။

ဘီဘီစီ တဝန်း