IS ခေါင်းဆောင် အသက်ရှင်ဆဲလို့ အမေရိကန်ဆို

  • 1 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဘဂ်ဒါဒီ ဘယ်မှာရှိနေတယ်ဆိုတာ မသိခဲ့တာ အချိန်အတော်ကြာပြီဖြစ်

အစ္စလာမ်မစ်နိုင်ငံ အိုင်အက်စ် (IS) အဖွဲ့ ရဲ့အကြီးအကဲဟာ လက်ရှိ အချိန်ထိ အသက်ရှင်လျက် ပုန်းရှောင် နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ ရုရှ နိုင်ငံက ထုတ်ပြန်ထားတဲ့ ပြီးခဲ့တဲ့ မေလ ဆီးရီးယားက သူတို့ရဲ့ တိုက်ခိုက်မှု အတွင်း အိုင်အက်စ် ခေါင်းဆောင် သေဆုံးသွားခဲ့ပြီ ဆိုတာနဲ့ ဆန့်ကျင့်ဘက် ဖြစ်နေပါတယ်။

IS ခေါင်းဆောင် အဘူဘက္ကာ အယ်လ်-ဘဂ်ဒါဒီ (Abu Bakr al-Baghdadi) ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေကြားက ဝေးလံခေါင်သီတဲ့ နယ်ခြား တနေရာမှာ ပုန်းအောင်းနေတာ ဖြစ်နိုင်တယ်လို့ အိုင်အက်စ်တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး စတီဗင်တောင်ဆန်က ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံက အိုင်အက်စ် အမာခံနယ်မြေတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ဘဂ်ဒါဒီ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ထောက်လှမ်းရေးသတင်းတွေအရ ဘဂ်ဒါဒီ အသက်ရှင်ဆဲ ပဲလို့ ယူဆရပြီး အခု သူဘယ်မှာ ရှိနေတယ်ဆိုတာ သဲလွန်စ ရှာမရသေးဘူးလို့လည်း ဗိုလ်ချုပ်ကြီး တောင်ဆန်က သတင်းထောက်တွေကို ပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းက အိုင်အက်စ်တွေရဲ့ တရားမဝင် မြို့တော် ရာကာမှာ မေလက စစ်ဆင်ခဲ့တဲ့ ရုရှရဲ့ လေကြောင်းတိုက်ခိုက်မှုထဲ ဘဂ်ဒါဒီ သေဆုံးသွားခြေ များတယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာ ရုရှဘက်က ကြေညာခဲ့ပါတယ်။

အဲဒီ အချိန်ကစပြီး ဒေသခံ အိုင်အက်စ် ဆန့်ကျင့်ရေး တပ်ဖွဲ့တွေက စစ်သွေးကြွ ၂,ဝ၀ဝ ခိုလှုံနေတဲ့ မြို့တော်ကို မြေပြင်စစ်ပွဲဆင်နွှဲတာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

အီရတ်နိုင်ငံက ရှေးဟောင်းမြို့ မိုဆူးလ်ကို အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်တွေ မသိမ်းပိုက်မီ ၂၀၁၆ ခုနှစ် အောက်တိုဘာလက အထိ အဘူဘက္ကာ အယ်လ်-ဘဂ်ဒါဒီ အဲဒီမှာ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၄ ဇန်နဝါရီလက အီရတ်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ဘဂ်ဒါဒီ ဓာတ်ပုံ

မိုဆူးလ်ကို အိုင်အက်စ်အဖွဲ့ သိမ်းပိုက်ပြီး နောက်ပိုင်းမကြာမီ ၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်နေ့တုန်းက တရားဟောနေတဲ့ ဘဂ်ဒါဒီရဲ့ ရုပ်သံဖိုင် တခု ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါဟာ အခုနှစ်ပိုင်းတွေထဲ ဘဂ်ဒါဒီကို လူအများ မြင်ခွင့်ရတဲ့ တခုတည်းသော ဖြစ်ရပ်ဖြစ်ပါတယ်။

အဲဒီမှာပဲ သူ့ကို အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေကို ပိုင်စိုးသူ မင်းကြီး အဖြစ် အိုင်အက်စ်အုပ်စုက တင်မြှောက်ခဲ့တာပါ။ သူ့ရဲ့ အသံကို နောက်ဆုံး ကြားခဲ့ရတာကတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တုန်းက ထွက်ပေါ်လာတဲ့ အသံဖိုင်ပါ။

ဘဂ်ဒါဒီ ဆိုတဲ့ အမည်က သူ့ရဲ့ တိုက်ပွဲဝင် နာမည်ဖြစ်ပြီး သူ့ကို ဘဂ္ဂဒက်မြောက်ပိုင်း ဆာမာရာဒေသမှာ ၁၉၇၁ ခုနှစ်က မွေးဖွားခဲ့တယ်လို့ ယူဆရပါတယ်။

၂၀ဝ၃ ခုနှစ် အီရတ်ကို အမေရိကန်ဦးဆောင်တဲ့ တပ်တွေ ကျူးကျော်ချိန် ဘဂ္ဂဒက်က ဗလီကျောင်းတခုမှာ သူဟာ တရားဟော ဆရာ တယောက် အဖြစ် ရှိနေခဲ့တယ်လို့ ဆိုကြသူတွေ ရှိပါတယ်။

ဆဒမ်ဟူစိန် အုပ်စိုးစဉ်ကတည်းက ဘဂ်ဒါဒီဟာ ဂျီဟဒ်ဝါဒီ စစ်သွေးကြွ တယောက် ဖြစ်နေပြီ ဆိုပြီး ယုံကြည်ကြသူတွေလည်း ရှိပါတယ်။

သူဟာ အီရတ်တောင်ပိုင်း ဘက္ကာက အယ်လ်ကိုင်းဒါး ခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့တဲ့ အမေရိကန် စစ်စခန်းမှာ ၄ နှစ် တာ အကျဉ်းချခံခဲ့ရတုန်း အစွန်းရောက်တဲ့ အတွေးအခေါ်တွေ ဝင်သွားခဲ့တယ်လို့ တချို့က ထင်မြင်ယူဆကြပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ ဘဂ်ဒါဒီကို နောက်ပိုင်း အစ္စလာမ်မစ်နိုင်ငံ IS ဖြစ်လာမယ့် အီရတ်က အဲလ်ကိုင်းဒါး အဖွဲ့ခွဲ တခုရဲ့ ခေါင်းဆောင် အဖြစ် မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ဘဂ်ဒါဒီကို အကြမ်းဖက်သမားအဖြစ် အမေရိကန်က တရားဝင် သတ်မှတ်ခဲ့ပြီး သူ့ကို အရှင်ရရ၊ အသေရရ ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၂၅ သန်း ဆုကြေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဘီဘီစီ တဝန်း