အထောက်အထားမဲ့ လူငယ်တွေ အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်ခံရဖွယ်ရှိ

  • 6 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မက္ကဆီကို စီတီမြို့က အမေရိကန်သံရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြနေကြပုံ

အမေရိကန်နိုင်ငံထဲ ကလေးဘဝက အထောက်အထားမဲ့ နိုင်ငံရွှေ့ပြောင်းဝင်လာခဲ့ကြသူ လူငယ်တွေ အနေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခံရမယ့်အရေး အကာအကွယ်ပေးထားတဲ့ စီမံကိန်းကို လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန် ကွန်ဂရက်စ်အနေနဲ့ သင့်လျော်တဲ့ ရေရှည် ဖြေရှင်းမှုတခု ရှာနိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။

အရင်သမ္မတ ဘာရက် အိုဘားမား ပြဌာန်းခဲ့တဲ့ ပေါ်လစီဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က ပြောကြားလိုက်ပြီး အဲဒီ ပေါ်လစီနေရာမှာ အစားထိုး ပြဌာန်းဖို့အတွက် ကွန်ဂရက်အနေနဲ့ ဆုံးဖြတ်ချိန် ၆လ ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

DACA လို့ ခေါ်တဲ့ အဲဒီ စီမံကိန်းကို လူအသစ်တွေ လျှောက်ခွင့် ရှိမှာ မဟုတ်ဘဲ လက်ရှိ စီမံကိန်းပါ လူငယ် ၈သိန်းဟာလည်း သူတို့ရဲ့ ကင်းလွတ်ခွင့် ၂နှစ်တာ ကာလပြီးရင် အလုပ်လုပ်ခွင့် ဒါမှမဟုတ် စာသင်ခွင့်တွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မှားယွင်း ရက်စက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ထိခိုက်ဘွယ် ရှိတဲ့ လူငယ် အများစုဟာ လက်တင် အမေရိက က လူငယ်တွေ ဖြစ်ပြီး မက္ကဆီကိုနဲ့ အယ်လ် ဆာလ်ဗေဒေါ နိုင်ငံအစိုးရတွေက အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။