အာရ်မာ ဟာရီကိန်း ကြောင့် ဘာဗြူဒါကျွန်း လုံးဝပျက်စီး

  • 7 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အာရ်မာ ဟာရီကိန်းကြောင့် St Martin မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေ

အာရ်မာ ဟာရီကိန်း မုန်တိုင်းဒဏ်ကို ကာရစ်ဘီယန် ဒေသတဝှမ်း အလူးအလဲ စခံနေရပါပြီ။

မုန်တိုင်း ဖြတ်လာတဲ့ လမ်းကြောင်းမှာ ပထမဆုံး အထိနာခဲ့တာကတော့ လူဦးရေ ၁၆၀၀လောက်သာ နေထိုင်နေတဲ့ ဘာဗြူဒါကျွန်းငယ်လေး ဖြစ်ပြီး တကျွန်းလုံး လုံးဝ ပျက်စီးသွားပါတယ်။

တနာရီကို ကီလိုမီတာ ၃ရာနီးပါးလောက် လေပြင်းတွေတိုက်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ တဦး သေဆုံးခဲ့ပြီး အဆောက်အအုံအားလုံး နီးပါး ပျက်စီးသွားပါတယ်။

တခါ Leeward နဲ့ Virgin Islands ကျွန်းစုတွေကိုလည်း မုန်တိုင်း ဝင်မွှေသွားခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် ပြင်သစ်ပိုင် St Martin နဲ့ St Barts ကျွန်းတွေမှာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲဒီမှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး အခိုင်ခန့်ဆုံး အဆောက်အအုံကြီး ၄ခု အပါအဝင် အဆောက်အအုံ အတော်များများ ပျက်စီးသွားပါတယ်။

ကာရစ်ဘီယန် ဒေသတဝှမ်း မုန်တိုင်းအန္တရာယ် ကျနိုင်တဲ့ နေရာတွေကနေ လူထောင်ပေါင်းများစွာကို ဘေးကင်းရာကို ကယ်ထုတ်ထားပါတယ်။

ဒေသခံတွေက စားနပ်ရိက္ခာတွေ၊ ရေသန့်တွေ၊ အရေးပေါ်ပစ္စည်းတွေကို ဆိုင်တွေမှာ အလုအယက် တိုးဝှေ့ ၀ယ်နေကြပါတယ်။ အပန်းဖြေသူတွေ လာလေ့ ရှိတဲ့ ကျွန်းစု အတော်များများမှာ လေဆိပ်တွေ ပိတ်ထားပါတယ်။

လာမယ့် သီတင်းပတ်ကုန် ရက်ပိုင်းမှာ အာရ်မာ မုန်တိုင်း၀င်လာဖို့ ရှိတဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ပေါ်တိုရီကို နဲ့ အမေရိကန်ပိုင် ဗာဂျင် အိုင်ယာလန် ကျွန်းတွေမှာ သမ္မတ ထရမ့်က အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

Key West မှာတော့ ဒေသခံတွေ မလုပ်မနေရ နေအိမ်တွေကို စွန့်ခွာပြီး ဘေးကင်းရာ ယာယီစခန်းတွေမှာ လာရောက် ခိုလှုံကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဧည့်သည်တွေ အားလုံး ဗုဒ္ဓဟူးနေ့ မနက်မတိုင်ခင် ထွက်ခွာကြဖို့ အမိန့်ထုတ်ထားပြီး ဒေသခံတွေက ညနေပိုင်း မှာ အားလုံးထွက်ကြဖို့ ညွှန်ကြားထားပါတယ်။

အမေရိကန်နိုင်ငံမှာ သြဂုတ်လ ကုန်ပိုင်းလောက်က ဟာဗီ ဟာရီကိန်း မုန်တိုင်းဒဏ် ကြောင့် တက္ကဆက်စ်နဲ့ လူဝီဆီယန်းနားပြည်နယ်တွေမှာ ထိခိုက် ပျက်စီးခဲ့တာတွေကို ပြန်လည် ထူထောင်ရေးတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

အခု အာရ်မာ မုန်တိုင်းကြောင့် ဘယ်လောက် ထိခိုက်မှုတွေ ရှိမလဲ ဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။

အခုလို ပြင်းအား အဆင့် ၄ မုန်တိုင်းကြီး ၂ခု တရာသီအတွင်း ဝင်တိုက်တာမျိုး အမေရိကန်နိုင်ငံမှာ တခါမှ မရှိခဲ့ဖူးသေးဘူးလို့ သိရပါတယ်။