မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီက အရေးယူမှု အသစ်ချမှတ်

  • 11 စက်တင်ဘာ 2017
Image caption အရေးယူမှု အသစ်တွေ ချမှတ်ဖို့ ရုရှားနဲ့ တရုတ်တို့ကလည်း သဘောတူ

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ ကန့်သတ်မှု အသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်း တခဲနက် အတည်ပြု ဆုံးဖြတ် လိုက်ပါတယ်။

အခု ချမှတ်လိုက်တဲ့ အရေးယူမှုတွေဟာ ပြည်ပကို ပို့ဆောင်တဲ့ မြောက်ကိုရီးယားရဲ့ အထည်အလိပ်တွေ အားလုံးကို ပိတ်ပင်ဖို့ ရည်ရွယ် ထားသလို၊ ရေနံ သွင်းကုန် ပမာဏကိုလည်း ကန့်သတ်မှာ ဖြစ်ပါတယ်။

အထည်အလိပ် လုပ်ငန်းကနေ တဆင့် ရရှိနေတဲ့ ဝင်ငွေတွေနဲ့ ပြည်ပက သွင်းတဲ့ ရေနံတွေကို မြောက်ကိုရီးယား အနေနဲ့ သူတို့ရဲ့ နျူကလီယာ အစီအစဉ်တွေမှာ အသုံးပြု နေတယ် ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆ ထားပါတယ်။

မြောက်ကိုရီးယား အပေါ် အခုလို အရေးယူမှု အသစ်တွေ ချမှတ်ဖို့ ရုရှားနဲ့ တရုတ်တို့ကလည်း သဘောတူ ခဲ့ကြပါတယ်။

အမေရိကန်ဘက်က အကြံပြုသလို မြောက်ကိုရီးယားကို ရေနံ တင်သွင်းမှု လုံးဝ ပိတ်ဆို့မယ့် အစား ပမာဏ လျှော့ချဖို့ပဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၆ ခုနှစ် က စလို့ မြောက်ကိုရီးယား အပေါ် လုံခြုံရေးကောင်စီတွင်း အရေးယူ ဆုံးဖြတ်ချက် ၉ ခုထိ တခဲနက် ချမှတ် ထားပြီ ဖြစ်ပါတယ်။