တစ်နှစ်ကို ဒေါ်လာ ၂ဝ သာ လူ့အခွင့်အရေး ကော်မရှင် အသုံးစားရိတ်ရ

  • 12 စက်တင်ဘာ 2017
Image caption မူးယစ်ဆေး တိုက်ဖျက်ရေးမှာ ဒူတာတေးရဲ့ ကိုင်တွယ်ပုံကို ဆန့်ကျင်နေ

ဖိလစ်ပိုင် နိုင်ငံမှာ မူးယစ်ဆေး နှိမ်နှင်းရေး ဆိုပြီး အစိုးရရဲ့ အကြမ်းပတမ်း လုပ်ဆောင် နေမှုအပေါ် စုံစမ်း စစ်ဆေးနေတဲ့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အသုံးစားရိတ်တွေကို ကွန်ဂရက်စ် လွှတ်တော်က အလုံးစုံ နီးပါး ဖြတ်တောက် ပစ်လိုက်ပါတယ်။

တစ်နှစ်လုံးအတွက် အမေရိကန် ဒေါ်လာ ၂ဝ ပဲ သုံးရမယ် ဆိုပြီး မဲခွဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ လူ့ အခွင့်အရေး ကော်မရှင်ဟာ မူးယစ် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဥပဒေနဲ့ မလျော်ညီပဲ သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့သလား ဆိုတာကို ဒေါ်လာ ၁၄ သန်းကျော် အကုန်ကျခံပြီး စုံစမ်းတာတွေ ပြုလုပ် ခဲ့ပါတယ်။

ကော်မရှင် အနေနဲ့ မူးယစ် ရာဇဝတ်ကောင်တွေရဲ့ အခွင့်အရေးကို ကာကွယ်နေတယ် ဆိုတဲ့ ဝေဖန်မှုနဲ့ အတူ ဖိလစ်ပိုင် အောက်လွှတ်တော် အများစုဟာ အခုလို ကော်မရှင် အသုံးစားရိတ် ဖြတ်တောက်ဖို့ ဘက်က မဲထည့် ခဲ့ကြပါတယ်။

မူးယစ်ဆေး တိုက်ဖျက်ရေးမှာ သမ္မတ ဒူတာတေးရဲ့ ခက်ထန်တဲ့ ကိုင်တွယ်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန် နေတဲ့ ကော်မရှင် အပေါ် အပြစ်ပေးတဲ့ ပုံစံမျိုး ပြုလုပ်လာတဲ့ နိုင်ငံရေး ခြေလှမ်း အဖြစ် လေ့လာသူတွေက ဆိုပါတယ်။