အီးယူ ပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်နေ

  • 13 စက်တင်ဘာ 2017
Image caption ဥရောပကော်မရှင် ဥက္ကဋ္ဌ ယွန် ကလော့ ယန်ကာ

ဥရောပသမဂ္ဂ အီးယူထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ့် ကိစ္စအပါအဝင် ဥရောပအရေးနဲ့ ပတ်သက်တဲ့ အရေးကြီး အကြောင်းအရာတွေကို ဥရောပကော်မရှင် ဥက္ကဋ္ဌ ယွန် ကလော့ ယန်ကာ က သူ့ရဲ့ ဥရောပ အခြေပြ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နောက်လာမယ့်နှစ် မတ်လမှာ အီးယူထိပ်သီးအစည်းအဝေးကို ရိုမေးနီးယားနိုင်ငံမှာ ကျင်းပမယ့် အကြောင်း သူက ပြောခဲ့ပါတယ်။

အဲဒီထိပ်သီး အစည်းအဝေးဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံမဟုတ်တော့ဘဲ ၂၇ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အီးယူထဲကနေ ဗြိတိန်နိုင်ငံဟာ တရားဝင်ထွက်ခွာတော့မှာမို့ ဖြစ်ပါတယ်။

လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ဗြိတိန်နိုင်ငံဟာ အီးယူထဲကနေ ထွက်ခွာတော့မှာဖြစ်လို့ အဲဒီအချိန်ဟာ စိတ်မကောင်းစရာ ကြေကွဲစရာအချိန် ဖြစ်ပါလိမ့်မယ်၊ အဲဒီအတွက် ဥရောပသမဂ္ဂက ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံဟာလည်း ဝမ်းနည်းရပါလိမ့်မယ်လို့ မစ္စတာယန်ကာက ပြောပါတယ်။

ဗြိတိန်ထွက်သွားတာကို စိတ်မကောင်းကြောင်းပြောခဲ့ပေမယ့် အခုအချိန်မှာ အီးယူဟာ လေကြောင်းသင့်ချိန်ဆိုက်ရောက်လာပြီမို့ ပြန်လည်ရွက်လွှင့်ပါတော့မယ်လို့ လည်း ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံ အီးယူကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ချိန်က အီးယူကို အကြီးအကျယ် ဂယက်ရိုက်သွားခဲ့ပေမယ့် ခုတော့ အီးယူရဲ့ စီးပွားရေးဟာ အရင်တုန်းကထက်တောင် ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။

အီးယူရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ အမေရိကန်ထက်တောင်သာသလို နိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ကောင်းမွန်နေတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အီးယူအဖွဲ့အတွင်းမှာ ပြဿနာတက်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း သူက စောင်းပါးရိပ်ခြည်ပြောသွားပါတယ်။

အီးယူထဲမှာ ဒုက္ခသည်လျှောက်ထားခွင့် ခိုလှုံခွင့်ကို အီးယူဥပဒေအရ လက်ခံရမှာ ဖြစ်ပါတယ်။ ဒါက ၂၀၁၅ ခုမှာ အီးယူက ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာကို ဟန်ဂေရီ ဆလိုဗက်ကီးယား နိုင်ငံတွေက သူတို့နိုင်ငံဥပဒေနဲ့ မညီလို့ လက်မခံနိုင်ဘူးလို့ စောဒကတက်ထားပါတယ်။ ဒါကို အီးယူသမဂ္ဂ ဥက္ကဌက စောင်းပါးရိပ်ခြည်ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပ သမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားတဲ့ တူရကီနိုင်ငံကိုလည်း အီးယူအဖွဲ့ဝင်အဖြစ်လက်ခံဖို့ မရှိသေးဘူးလို့လည်း ပြောသွားပါတယ်။