၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု ၂၉ နှစ်ပြည့်

  • 17 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း

၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ တတိယ အကြိမ် စစ်အာဏာသိမ်းမှုကြီး လို့ သတ်မှတ် ခေါ်ဆို လို့ ရတဲ့ တပ်မတော် အာဏာ သိမ်းမှု ကြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် (၂၉) နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းမှု ကြီးက ၁၉၅၈ခုနှစ် စက်တင်ဘာ မှာ ပေါ်ပေါက်ခဲ့ပြီး၊ ရလဒ်အဖြစ် အိမ်စောင့် အစိုးရ ဆိုတာ ပေါ်ပေါက် ခဲ့ပါတယ်။

အိမ်စောင့် အစိုးရ အနေနဲ့ ၁၉၆ဝခုနှစ် ဧပြီလ အထိ (၁၈) လတာ တိုင်းပြည် အာဏာ ကို ထိန်းသိမ်း ခဲ့ပါတယ်။

ဒုတိယအကြိမ် စစ် အာဏာသိမ်းမှု ကြီးကတော့ ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့မှာ ပေါ်ပေါက်ခဲ့ပြီး တော်လှန်ရေး ကောင်စီ အစိုးရ တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။

တော်လှန်ရေး ကောင်စီ အစိုးရက နိုင်ငံတော် အာဏာ အရပ် ကို (၁၂)နှစ်တာ ချုပ်ကိုင် ခဲ့ပြီး နောက်မှာတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကို ဖွဲ့စည်းကာ မြန်မာ နိုင်ငံကို တစ်ပါတီ စနစ် နဲ့ အုပ်ချုပ် ခဲ့ပါတယ်။

မဆလတပါတီအစိုးရ အနေနဲ့ မြန်မာ နိုင်ငံ ကို ၁၄ နှစ်တာ အထိ အုပ်ချပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွား ခဲ့တဲ့ လူထု အုံ့ကြွမှုကြီးကြောင့် အုပ်ချုပ်ရေး အာဏာ ကို လက်လွှတ် ခဲ့ရပါတယ်။

ပထမအကြိမ် စစ်အာဏာသိမ်းမှု ကြီးနဲ့ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုကြီး ကို အဓိကခေါင်းဆောင် ဦးစီးခဲ့ သူလို့ ပြောရမှာကတော့ ဗိုလ်ချုပ်ကြီး နေဝင်း ပဲ ဖြစ်ပါတယ်။

တတိယအကြိမ် စစ်အာဏာ သိမ်းမှု ကြီးကတော့ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့မှာ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီ အာဏာ သိမ်းမှု ကိုတော့ ဗိုလ်ချုပ်ကြီး စောမောင် က ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ တရားဝင်အားဖြင့် ခေါ်ဆိုရမှာဖြစ်ပေမဲ့၊ တကယ်ကတော့ ဒါလည်း ဦးနေဝင်းရဲ့ မီးစိမ်းပြ စီစဉ် ခန့်ခွဲမှု နဲ့ ပေါ်ပေါက် ခဲ့ရတာ ဖြစ်တယ်လို့ လေ့လာသူတွေ က သုံးသပ် ထား ပါတယ်။

တတိယအကြိမ် စစ်အာဏာသိမ်းမှုကြီးဟာ စစ်အာဏာရှင် စံနစ်ဟောင်း တခုရဲ့ နေရာမှာ တခြားသော စစ်အာဏာရှင် စံနစ်သစ်တခုနဲ့ ရုပ်ပြောင်းရုပ်လွှဲ အစားထိုး လိုက်တာသာ ဖြစ်ပြီး အနှစ်သာရအားဖြင့် မူလ စစ်အာဏာရှင် စံနစ်ကြီးရဲ့ အဆက်သာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ၈၈ ပြတိုက်
Image caption နဝတအဖွဲ့ကို ဗိုလ်ချုပ်ကြီး စောမောင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်

တတိယ အကြိမ် အာဏာ သိမ်း တဲ့ အခါမှာတော့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်က အုပ်ချုပ်ခဲ့သူ၊ တာဝန်ရှိခဲ့သူ တစ်ဦးတစ်ယောက် ကိုမျှ အရေးယူ အပြစ်ပေးတာမျိုး မတွေ့ရပါဘူး။

ဒါ့ကြောင့် တတိယ အကြိမ် အာဏာ သိမ်းယူမှု ဖြစ်စဉ်ကို အာဏာရှင်ဟောင်းတွေကို အကာအကွယ်ပေးတဲ့ အဖြစ်အပျက် အဖြစ် လူတွေက ရှုမြင်ကြပါတယ်။

လွန်ခဲ့တဲ့ (၂၉) နှစ် ၁၉၈၈ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ ညနေ (၄)နာရီတိတိမှာ တတိယအကြိမ် စစ်အာဏာသိမ်းမှု ကြီး အတိအလင်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ညနေ (၄)နာရီမှာ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားတွေကနေ စစ်သွေး စစ်မာန် စစ်ချီတေးသံတွေကို လွှင့်ထုတ်ပေးရင်း၊ တပ်မတော်ကနေ အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

"နိုင်ငံတော်တဝှန်း၌အ ဘက်ဘက်မှယိုယွင်းနေသောအခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း လိုက်သည်" ဆိုတဲ့ ကြေညာ ချက်ဟာ တညနေလုံး တညလုံးလိုလို အထပ်ထပ် အဖန်ဖန် ထုတ်လွှင့် နေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လို့ အမည်တပ်ထားတဲ့ နဝတ နဲ့နဝတအစိုးရ ပေါ်ပေါက် ခဲ့ပါတယ်။

နဝတအဖွဲ့ကို ဗိုလ်ချုပ်ကြီး စောမောင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး ဒုတိယ ဥက္ကဋ္ဌ ကတော့ ဒုဗိုလ်ချုပ်ကြီးသန်းရွှေဖြစ်ပါတယ်။ အတွင်းရေးမှူး(၁)အဖြစ်- ဗိုလ်မှူးချုပ်ခင်ညွန့်၊ အတွင်းရေးမှူး (၂)အဖြစ်- ဗိုလ်မှူးကြီးတင်ဦး အပါအဝင် စုစုပေါင်း တပ်မတော် ထိပ်တန်း အရာရှိ (၁၉)ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်။

နဝတ အစိုးရ အဖွဲ့ကို ဗိုလ်ချုပ်ကြီးစောမောင်ကပဲ ဝန်ကြီးချုပ်ရာထူး အပြင်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ အပါအဝင် နေရာ အတော်များများ ကို ဦးစီးခဲ့ပြီး စုစုပေါင်း ဝန်ကြီး (၉)ဦး နဲ့ပဲ စတင်ဖွဲ့စည်း ပေါ်ပေါက် လာခဲ့ပါတယ်။

နဝတဟာ တက်လာလာချင်း တပတ်လုံးလုံး စစ်ချီတေးသံတွေကို ဖွင့်လှစ် ထုတ်ဖေါ် ပြသရင်း၊ သပိတ်စခန်းမှန်သမျှကို ဖြိုဖျက်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ပြီး အကြမ်းဖက် ဖြိုခွင်းတာတွေ လည်း လုပ်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူလေးတွေ အပါအဝင် ရာနဲ့ချီတဲ့ ပြည်သူလူထုတွေ ထိခိုက်သေကြေ ဒဏ်ရာရခဲ့ရ သွေးမြေကျခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် ၈၈ ပြတိုက်
Image caption ထိုင်းနိုင်ငံ နယ်စပ်တလျောက်ဆီ တိမ်းရှောင် တောခိုမှု တွေ ဖြစ်ပေါ် ခဲ့

ရန်ကုန်တမြို့လုံးရှိ လမ်းမကြီး လမ်းမငယ်တွေ၊ ရပ်ကွက်တွေတလျောက်က အခိုင်အမာ ပိတ်ဆို့ကာရံထားတဲ့ ကပ်တွေ သစ်တုံးကြီးတွေ၊ စည်းရိုး၊ ဝင်းထရံ တွေကိုလဲ သံချပ်ကာကားကြီးတွေအပါအဝင် စစ်ကားကြီးတွေ တသီ တတန်းကြီးနဲ့ရှင်းလင်း နင်းချေ ဖျက် ဖြို ဖယ်ရှားတာတွေလဲ လုပ်ခဲ့ပါတယ်။

ဂျီသရီး ဂျီဖိုးနဲ့ ခေတ်မီ မောင်းပြန်သေနတ်မျိုးစုံ ကိုင်ဆောင်ထားတဲ့ စစ်တပ်ကြီး က ' ဂျင်ကလိ၊ လောက်လေးဂွနဲ့ လေးမြားလက်နက်မှန်သမျှ- စစ်တပ်ထံ လာရောက် အပ်နှံရမယ်' လို့လဲ လူထုကြီး ကို သတိပေး တာတွေလုပ်ပါတယ်။

တချို့ မြို့နယ် ဒေသတွေမှာ ရဲစခန်းနဲ့ ရဲဌာနတွေက သပိတ်အတွင်း ပူးပေါင်း ပါဝင် လာကြစဉ်က လက်နက် ခဲယမ်းမီးကျောက်တွေကို သပိတ်ကော်မတီထံ အပ်နှံ ပေးအပ်ခဲ့တာမျိုးတွေလည်း ရှိတဲ့အတွက် လူထုလက်ထဲ ဘာ လက်နက် မှ မကျန်ရေး ကို အရေးတကြီး လုပ်ဆောင်ပါတယ်။

မန္တလေးအပါအဝင် နယ်မြို့တွေမှာလဲ ဒေသဆိုင်ရာ စစ်တပ်တွေက သပိတ် စခန်း မှန်သမျှကို နည်းမျိုးစုံနဲ့ ဖြိုဖျက် ဖယ်ရှားတာတွေ လုပ်ကြပြီး၊ လက်နက်ပုန်း ဖေါ်ထုတ် သိမ်းဆည်းရေးနဲ့ သပိတ်အတွင်းတုန်းက ခေါင်း ဆောင်ခဲ့သူတွေကို အရေးယူ နှိပ်ကွပ် နိုင်ရေးကို နည်းမျိုးစုံနဲ့ ကြိုးစား ဆောင်ရွက် ခဲ့ပါတယ်။

ဒီလို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ကျောင်းသား ကျောင်းသူလေးတွေ အများအပြား အပါအဝင်၊ ဒီမိုကရေစီလိုလား သူတွေ အမြောက်အများ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံ နယ်စပ် တလျောက်ဆီ တိမ်းရှောင် တောခိုမှု တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

မာနယ်ပလောဖက်ဆီ ရောက်သွားကြ သူတွေ အများအပြား ရှိခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အသီးသီးရှိရာ နေရာမျိုးစုံ အနှံ့ဆီ ရောက်ရှိ သွားကြ ရသူတွေလည်း ရှိခဲ့ပါတယ်။

" အာဏာသိမ်းမှုကြီးအတွင်း သေဆုံးရသူ (၁၅) ဦးပဲ ရှိခဲ့တယ်" ဆိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ပြောဆို ရှင်းလင်းချက်ဟာလဲ လူထုကြားမှာ ပြက်လုံးတခု ဖြစ်ခဲ့ ရပါတယ်။

အာဏာသိမ်းပြီးပြီးချင်း တပတ်အတွင်းမှာပဲ နဝတ ရဲ့ ကြေညာချက်အမှတ် ၂/၈၈ ၊ ၃/၈၈၊ ၄/ ၈၈၊ ၅/ ၈၈၊၆/၈၈ ဆိုတာတွေ ဆက်တိုက် ထွက်ပေါ်ခဲ့သလို၊ ဖိနှိပ်ချုပ်ချယ်ရေး အမိန့်မျိုးစုံနဲ့ ဥပဒေအမှတ် ၁/ ၈၈၊ ၂/၈၈ ၊ ၃/၈၈၊၄/၈၈ ၊ ၅/၈၈၊ ၆/၈၈ ဆိုတာတွေလဲ ပလူပျံအောင် ထွက်ပေါ် လာခဲ့ပါတယ်။ နဝတဟာ တာဝန်ကြီး(၄)ရပ်ဆိုတာကိုလဲ ထုတ်ဖေါ် ကြေညာခဲ့ပြီး၊ နောက်ဆုံး စတုတ္ထတာဝန်ကြီးက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်ကာ၊ အဲဒါပြီးရင် တပ်မတော်ဟာ ဘားတိုက်ကို ပြန်မှာ ဖြစ်တယ်လို့လဲ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ

( ၂၇-၉-၈၈ )နေ့မှာ ထုတ်ပြန်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေအရ၊ နဝတလက်ထက် မြန်မာနိုင် ငံမှာ- NLD ၊ မဆလ တဖြစ်လဲ တစညနဲ့ဒီငြိမ်းတို့အပါအဝင် နိုင်ငံရေးပါတီပေါင်း (၂၃၅)ပါတီ ပေါ်ပေါက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် NLD က ခေါင်းဆောင်ကြီးငယ် အများအပြား ဖမ်းအဆီးခံထားရချိန်အတောအတွင်း၊ ၁၉၉၀ပြည့်မေ(၂၇)ရက်နေ့မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ပါတယ်။

NLD က တပြည်လုံးမှာ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ' ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်မှာပေါ့' ' အနိုင်ရတဲ့သူကို အာဏာအပ်လိုက်မှာပေါ့' လို့-လူသိရှင်ကြားပြောဆိုခဲ့တဲ့ နဝတ အ စိုးရဟာ အနိုင်ရတဲ့ NLD ကို အာဏာ လွှဲပြောင်းပေးခြင်းမပြုတဲ့အပြင်၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့် လက်မှတ် နဲ့ ( ၁/ ၉၀) ဆိုတာကို ဖေါ်ထုတ် ဖန်တီးလိုက်ပြီး စစ်အာဏာ ရှင်စနစ်ကို ကျင့်သုံး လာခဲ့ပါတယ်။

( ၂၇-၃-၁၉၉၀) နေ့မှာ ဗိုလ်ချုပ်ကြီး ကနေ ဗိုလ်ချုပ်မှူး ကြီး အဖြစ် တိုးမြှင့် ရာထူး ယူထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ ( ၁၉၉၂ ဧပြီ ၂၃)ရက်နေ့မှာတော့ နဝတဥက္ကဌအဖြစ် ကနေ ကျန်းမာရေးမကောင်းလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ရာထူးကနေ အဖယ်ရှားခံလိုက်ရပါလေတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးက အနားယူ သွားတဲ့ အချိန်မှာ ဗိုလ်ချုပ် သန်းရွှေက နဝတ အစိုးရ အဖွဲ့ကို ဦးဆောင် ခဲ့ပါတယ်။ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်ဟာလဲ နဝတထဲမှာ ဩဇာပါဝါကြီးသူ ပိုမိုဖြစ်လာခဲ့ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (နယက)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ( ၁၅-၁၁- ၉၇)နေ့မှာ 'နဝတ' ကနေ ' နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ' ( နယက )အဖြစ် နာမည် ပြောင်းပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

၂၀၀၀ပြည့်နှစ် ကုန်ဆုံးချိန်အထိ၊ နဝတ-နအဖ စစ်အစိုးရရဲ့ နောက်မှာ အငြိမ်းစားယူထားတယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ ဩဇာပါဝါရှိနေဆဲဖြစ်ပြီး၊ကန့်လန့် ကာရဲ့နောက်ကွယ်ကနေ အတိုင်းအတာတခုအထိ အရေးပါနေဆဲ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ် မတ်လ (၈)ရက်နေ့မှာ တော့ ဦးနေဝင်းရဲ့ သားမက်နဲ့မြေး (၃)ဦး တို့ကို အာဏာလုရန်ကြံစည်မှုနဲ့ နအဖအစိုးရကနေ ဖမ်းဆီးအရေးယူလိုက်တဲ့အမှု ကြီး ပေါ်ပေါက်လာခဲ့ပြီး၊ ဦးနေဝင်းနဲ့သမီးစန္ဒာဝင်းတို့ကို နေအိမ် အကျယ်ချုပ် ချထားလိုက်ပါတယ်။

ဒီအဖြစ်အပျက်ကြီးဟာ ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ အကြား ချက်ကြိုးပြတ်သွားပြီဆိုတဲ့ သိသာ ထင်ရှားတဲ့ အမှတ်လက္ခဏာ တခုလို့ ဆိုရပါမယ်။

၂၀၀၄ ခုနှစ် အောက်တိုဘာမှာတော့- နဝတ-နအဖစစ်အုပ်စုအတွင်းမှာ ဝန်ကြီးချုပ် လည်း ဖြစ်၊ ထောက်လှမ်းရေးအကြီး အကဲလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကိုယ်တိုင်လဲ ရာထူး ကနေ ဖယ်ရှားပစ်ခြင်းကို ခံလိုက် ရပါလေတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်မေလမှာ နာဂစ်မုန်တိုင်းကြောင့် လူတွေသိန်းနဲ့ချီ သေဆုံးရစဉ် ကာလမှာ နအဖ အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုခဲ့ပါတယ်။

တတိယ အကြိမ် အာဏာသိမ်းမှု အတွင်း အများသိပြီး အချက် (၅)ချက်

(၁) အာဏာသိမ်းမှုကြီးဟာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဒီမိုကရေစီရေးဆန္ဒတွေကို မျက်ကွယ်ပြုကာ၊ရှစ်လေးလုံး အရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွင်းပြီး၊ စစ်အာဏာရှင်စနစ်ကို ဆက်လက် ထိန်းသိမ်းကာကွယ် တိုးချဲ့ဖို့ ပြုလုပ်လိုက်တဲ့ စစ်တပ် အာဏာသိမ်းမှုကြီးသာ ဖြစ်တယ်။

(၂) ဒီအာဏာသိမ်းမှုကြီးအတွင်း၊ ကျောင်းသားကျောင်းသူတွေအပါအဝင် ပြည်သူလူထုတွေ ရာနဲ့ချီ သွေးမြေကျခဲ့ရသလို၊ ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရရင်း၊ ထိုင်နိုင်ငံနယ်စပ် အပါအဝင် နေရာအနှံ့အပြားကို တောခိုသူ တွေအဖြစ် အစုလိုက် အပြုံလိုက် ရောက်ရှိသွားခဲ့ရတယ်။

(၃) ဒီအာဏာသိမ်းမှုကြီးကနေ- တာဝန်ကြီး(၄)ရပ်ကြွေးကြော်သံနဲ့အတူ၊ ' နဝတ' ပေါ်ပေါက် လာခဲ့ရပြီး နောက်ထပ် စစ်အာဏာရှင် အုပ်စိုးမှု ခေတ်တခေတ် ပေါ်ပေါက်လာခဲ့တယ်။

(၄) ဗိုလ်ချုပ်ကြီးစောမောင် (နောင်- ဗိုလ်ချုပ်မှူးကြီးအဖြစ် ရာထူး တိုးမြှင့်ရယူကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ဖြစ်လာ သူ) က နဝတအဖွဲ့' ကြီးကို စတင်ဦးဆောင်ခဲ့ပြီး၊ ဒုတိယ ဥက္ကဋ္ဌ ကတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ဖြစ်ပါတယ်။

(၅) အာဏာသိမ်းမှုကြီးကနေ- ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့တဲ့ 'နဝတ -နအဖ' ခေတ်ကြီးဟာ မြန်မာနိုင်ငံ သမိုင်းမှာ အရှည်လျားဆုံး စစ်အုပ်ချုပ်ရေး အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။

လူသိပ်မသိတဲ့ အချက် (၅)ချက်

(၁) အာဏာသိမ်းမှုကြီးဟာ မဆလ ပါတီ က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မီးစိမ်းပြ စီစဉ်လမ်းညွှန်ပေးမှု နဲ့ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်။

( ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ဖြစ်ပေါ်နေစဉ် အတွင်းမှာ ဗိုလ်ချုပ်ကြီး စောမောင် နဲ့ထောက်လှမ်းရေးညွှန်မှူးဗိုလ်မှူးကြီးခင်ညွန့်တို့နှစ်ယောက်ဟာ သံချပ်ကာ ကားတစီးနဲ့ဦးနေဝင်းအိမ်ကို သွားရောက်ခဲ့ကြပြီး၊ အခြေအနေ အရပ်ရပ်ကို အစီရင်ခံ လမ်းညွှန်ချက် တောင်းရာမှ ဦးနေဝင်းက အစစအရာရာ စီစဉ် လမ်းညွှန်ပေးခဲ့ရာမှ အာဏာသိမ်းမှု ဇာတ်လမ်းကြီး စတင် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။)

(၂) ဒီအာဏာသိမ်းမှုကြီးအတွက် အာဏာသိမ်းလိုက်ကြောင်း ကြေညာချက် အပါအဝင် အရေးကြီးကြေညာချက်၊ အမိန့်နဲ့ ဥပဒေထုတ်ပြန်ချက်ဆိုတာ တွေရဲ့အများစုကြီးကို သမ္မတဟောင်း ဒေါက်တာမောင်မောင် က စီစဉ် ရေးသား ပေး ခဲ့တာပါ။

(၃) တတိယ အကြိမ် အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း သေဆုံးသူ ဦးရေ ရာနဲ့ချီ ရှိခဲ့ပေမယ့် တိကျ မှန်ကန်တဲ့ အရေအတွက်အတိအကျကို ခုချိန်အထိ ဘယ်သူမှ ပြည့်ပြည့်စုံစုံ မှတ်တင်တင်နိုင်ခြင်းမရှိသေးတဲ့အတွက် မသိရှိရသေးသလို၊ တောခိုသွားသူ အရေအတွက် ကိုလဲ ဘယ်သူမှ တိတိကျကျ မပြောဆိုနိုင်သေးပါ။

ဗိုလ်ချုပ်ကြီးစောမောင်ကတော့ အာဏာသိမ်းမှုအတွင်းမှာ (၁၅)ဦးပဲ သေ ခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့၊ စက်တင်ဘာ(၁၉)တရက်တည်းမှာပဲ ကြည့်မြင်တိုင် အလက(၄)က အလယ်တန်း ကျောင်းသား ၁၇ ဦး ကျည်ဆံ ထိမှန်ခံခဲ့ရ ပါတယ်။

အဌမတန်း ကျောင်းသူ မဝင်းမော်ဦးအပါ၊ မောင်တင်ထွန်း( နဖူးထိ-ပွဲချင်းပြီး)၊ မောင်သန်းဌေး (ဆီးအိမ်ထိ-ပွဲချင်ပြီး) သေဆုံး ခဲ့ရတာတွေ ရှိသလို၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ တာမွေနဲ့မြောက်ဥက္ကလာဖက်က ကျောင်းသားကျောင်းသူ တွေလည်း သေဆုံးခဲ့ရတာ ရှိခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးဖက်မှာလည်း သေဆုံး သူတွေ ရှိခဲ့ပါတယ်။

(၄) စစ်တပ်က အာဏာသိမ်းပြီး ပြီးချင်း တပြိုင်နက်ထဲ လိုလို သပိတ်စခန်း ကိစ္စ၊ သပိတ်အတွင်းခေါင်းဆောင်ခဲ့မှု ကိစ္စတွေနဲ့ပတ်သက်ပြီး အဖမ်းအဆီး ခံကြရ၊ ညှဉ်းပန်းနှိပ်စက် ထောင်ချခံကြရရင်း ထောင်ထဲမှာ သေဆုံးကြရ သူတွေလဲ ရှိခဲ့ရာ၊ အရေအတွက်အတိအကျ ဘယ်လောက်ရှိသလဲဆိုတာ တိတိကျကျ မသိကြရသေးပါ။ ဥပမာ- သုံးခွ ဦးစိန်ဝင်း(ကျွန်းပြန်) ထောင်ထဲမှာ သေဆုံးခဲ့ရ။

(၅) ဦးနေဝင်းဟာ အနားယူ သွားပြီ ဆိုပေမယ့် နဝတ-နအဖရဲ့နောက်ကွယ်မှာ ဆက်လက်ရှိနေခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး စောမောင်ကို ဖြုတ်ချရာမှာလည်း အဓိက အခန်းက ပါဝင်ခဲ့ပါတယ်။