မြောက်ကိုးရီးယားအနေနဲ့ နျူကလီးယား ရည်မှန်းချက်ကို အရောက်သွားဖို့ ဆုံးဖြတ်ထား

  • 16 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုံးကျည်ပစ်ခတ်မှုအပြီး အောင်ပွဲခံနေသူ ကင်ဂျုံအွန်း

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအနေနဲ့ မြောက်ကိုးရီးယားရဲ့ နျူကလီးယား ပိုင်ဆိုင်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

ရည်ရွယ်ချက်ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်အင်အားနဲ့ ညီမျှတဲ့ တပ်မတော်ကို တည်ထောင်ဖို့ဖြစ်တယ်လို့ ကင်ဂျုံအွန်းက ပြောဆိုမှုကို ကေစီအန်အေ သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

အခုနောက်ဆုံး ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုဟာ အကွာအဝေး ဘယ်လောက်အထိ ရောက်နိုင်သလဲဆိုတဲ့ စမ်းသပ်ပစ်ခတ်မှုသာဖြစ်တယ်လို့ မစ္စတာကင်က မှတ်ချက်ပေးထားပါတယ်။

အတိုင်းအဆမရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရပေမဲ့ နျူကလီးယား ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ခြင်းအားဖြင့် မြောက်ကိုးရီးယားတွေဟာ သူများထက် သာလွန်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသသင့်တယ်လို့ မြောက်ကိုးရီးယားခေါင်းဆောင်က ဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မနက်ပိုင်းက မြောက်ကိုးရီးယားကနေ ပစ်ခတ်တဲ့ ဒုံးကျည်ဟာ ဂျပန်ကို ကျော်လွန်ပြီး ဟော့ကိုင်းဒိုးကျွန်း အလွန် ပင်လယ်ပြင်ထဲကျရောက်ခဲ့ပြီးနောက်မှာ ဒေသတွင်း နျူကလီးယားအရေး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်လာဆန်ကတော့ မြောက်ကိုးရီးယားအရေးဟာ ဒေသတွင်း ပြဿနာမဟုတ်ပဲ ကမ္ဘာကို ခြိမ်းခြောက်မှု ဖြစ်လာနေပြီလို့ ပြောဆိုထားပါတယ်။