ဒဏ်ခတ်ပိတ်ဆို့ဖို့ လူ့အခွင့်အရေး မင်းကြီးဆို

  • 20 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ဘက်ကို အရပ်သား သိန်းချီ ထွက်ပြေးရ

ရိုဟင်ဂျာတွေ အပေါ် ပြုမူပုံနဲ့ ပတ်သက်ပြီး မြန်မာကို ဒဏ်ခတ်ပိတ်ဆို့မှု တွေ ချမှတ်ဖို့ လုံခြုံရေး ကောင်စီ အနေနဲ့ စဉ်းစားသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဇာယိ ရာအက် အယ်လ်ဟူစိန်က ပြောဆို လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို အရပ်သား သိန်းချီ ထွက်ပြေးရတဲ့ ပဋိပက္ခ အတွက် စတင် တိုက်ခိုက်တဲ့ ရိုဟင်ဂျာ စစ်သွေးကြွတွေကို မြန်မာ အစိုးရက ပြစ်တင်ခဲ့ပါတယ်။

ရိုဟင်ဂျာ အစွန်းရောက် တချို့ ရဲ့ တိုက်ခိုက်မှု ကြောင့် ရိုဟင်ဂျာတွေကို ဒေသတွင်းက နှင်ထုတ်ဖို့ အကြောင်းရသွားတယ်လို့လည်း မစ္စတာ ဟူစိန်က ဆိုပါတယ်။

အစွန်းရောက် တိုက်ခိုက်မှုတွေကို မထောက်ခံပေမယ့် ၅၅ နှစ်ကြာ ဖိနှိပ် ချုပ်ချယ် ခံရမှု ၊ အခြေခံ အခွင့်အရေးတွေ မရဘဲ ငြင်းပယ်ခံရမှုတွေကြောင့် ဒီလို တုံ့ပြန် တိုက်ခိုက်တာတွေ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ဒီလို ဖြစ်နေတဲ့ အခြေအနေကို လက်မခံဘဲ အကြိမ်ကြိမ် ငြင်းဆန်နေတာထက် ကုလသမဂ္ဂကို ပြည်တွင်း ဝင်ပြီး စစ်ဆေးခွင့် ပြုသင့်တယ်၊ ဒါမှ သူတို့ပြောနေတာတွေ မှန်မမှန် ထောက်ခံ ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

ရခိုင်က ထွက်ပြေးသွားရသူတွေကို ပြန်လက်ခံဖို့နဲ့ သတ်ဖြတ်မှုတွေ ရပ်သွားဖို့ ကုလသမဂ္ဂ က အဆိုပြုချက် တခု ချဖို့ လိုနေပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စတာ ဟူစိန်က ပြောပါတယ်။

ဒါတွေ အကောင်အထည် မဖော်နိုင်ရင် ဒဏ်ခတ်ပိတ်ဆို့ဖို့ လုံခြုံရေး ကောင်စီက စဉ်းစားသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။