ကလေးသူငယ် ကုန်သွယ်မှု ရှိခဲ့ကြောင်း သီရိလင်္ကာ ဝန်ခံ

  • 21 စက်တင်ဘာ 2017
Image caption ကလေးတွေကို ခိုးယူပြီး နိုင်ငံခြားကို ပို့ခဲ့

သီရိလင်္ကာ နိုင်ငံမှာ ၁၉၈ဝ ပြည့်ကျော် နှစ်တွေ တုန်းက နိုင်ငံရပ်ခြားက သူတွေ ကလေး မွေးစား နိုင်ဖို့ သောင်းနဲ့ချီတဲ့ ကလေးတွေ အရောင်းစား ခံခဲ့ရတယ် ဆိုပြီး အာဏာပိုင်တွေ ဝန်ခံ လာပါတယ်။

ဥရောပက မိသားစုတွေ မွေးစားနိုင်ဖို့ နှစ်ဘက်စလုံးကို စာရွက်စာတမ်း အတုတွေ သုံးပြီး ကလေးတွေကို နိုင်ငံခြားပို့ ခဲ့တာမှာ အရေအတွက် တစ်သောင်း တစ်ထောင်ထိ ရှိနိုင်ပါတယ်။

ဒီလို ဖြစ်ရပ်တွေ ရှိခဲ့ကြောင်း နယ်သာလန် နိုင်ငံ Zembla ရုပ်သံ မှတ်တမ်း အစီအစဉ် က ရိုက်ကူးတဲ့ မှတ်တမ်း ရုပ်ရှင်ထဲ သီရိလင်္ကာ အာဏာပိုင်တွေ ဝန်ခံထားတာ တွေ့ရပါတယ်။

အဲဒီတုန်းက ရောင်းစား ခံခဲ့ရတဲ့ ကလေးတွေ အနေနဲ့ သူတို့ မိဘ အရင်းတွေနဲ့ ပြန်လည် ဆုံတွေ့ နိုင်ဖို့ မျိုးရိုး ဗီဇ DNA နမူနာတွေ စုစည်း ထိန်းသိမ်း ထားမယ့် DND ဘဏ် တစ်ခု ထား ရှိပေးမယ် ဆိုပြီး သီရိလင်္ကာ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

Image caption DND ဘဏ် တစ်ခု ထားရှိပေးမယ်

သီရိလင်္ကာ နိုင်ငံကနေ တရားမဝင် ခိုးထုတ် ခဲ့တဲ့ ကလေးတွေ အယောက် ၄ဝဝဝ ဝန်းကျင် နယ်သာလန် နိုင်ငံကို ရောက်လာ ထဲ့ပါတယ်။

ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီနဲ့ ယူကေ နိုင်ငံတွေမှာလည်း သီရိလင်္ကာ ကလေးတွေ ရောက်ရှိ ခဲ့ကြ ပါတယ်။

နိုင်ငံခြားကို ကလေးတွေ ပို့နိုင်အောင် အဲဒီ အချိန်တုန်းက သီရိလင်္ကာ အာဏာပိုင် ဝန်ထမ်းတွေ ကိုယ်တိုင် မွေးစာရင်း အတုတွေ ပြုလုပ်တာမျိုး၊ ကလေးရဲ့ နာမည် အပါအဝင် မိဘတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို အတု ဖန်တီး တာမျိုးတွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

တချို့ ကိစ္စတွေမှာဆိုရင်၊ ဆေးရုံတွေပေါ် မီးဖွားပြီးစ မိခင်တွေကို သူတို့ ကလေးတွေ သေဆုံး သွားပြီ ဆိုပြီး ကလေးတွေကို ခိုးယူပြီး နိုင်ငံခြားကို ပို့ပစ်တာ ဖြစ်ပါတယ်။