ဒုက္ခသည် ကိစ္စ ဘင်္ဂလားအစိုးရကူဖို့ စစ်တပ်ခေါ်

  • 23 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် DOMINIQUE FAGET
Image caption မိသားစုနဲ့ ကွဲပြီး ရောက်နေတဲ့ ကလေး တသောင်းခွဲလောက် ရှိ

ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်က ဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးမှာ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကူညီဖို့ စစ်တပ်တွေ ခေါ်ထားပါတယ်။

ဒုက္ခသည် အရေအတွက် လေးသိန်း သုံးသောင်း လောက် တလအတွင်း နယ်စပ်ဖြတ်ပြီး ဝင်လာကြတာ ဖြစ်ပါတယ်။

ဒီမှာ မိသားစုနဲ့ ကွဲပြီး ရောက်နေတဲ့ ကလေး တသောင်းခွဲလောက် ရှိပြီး ၃ နှစ်သားထိ ပါတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရောက်လာသူ အများစုဟာ ချုံးချုံးကျပြီး ထိခိုက် ခံစားလာရသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုးဆက်တိုက် ရွာနေတဲ့ အတွက် လူစုပြုံနေတဲ့ ဒုက္ခသည် စခန်းတွေမှာ ရောဂါတွေ ဖြစ်မှာ စိုးရိမ်ရတယ်လို့ ကူညီရေး အဖွဲ့တွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MUNIR UZ ZAMAN
Image caption မြေမြှုပ်မိုင်းထိလို့ ဆေးကုသနေရတဲ့ ဒုက္ခသည် ကလေးငယ်

မြေမြှုပ်မိုင်းတွေ ချ

နောက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်မှာ မြန်မာ အစိုးရ တပ်တွေက မြေမြှုပ်မိုင်းတွေ ချထားတာကလည်း ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေ အတွက် အဓိက အန္တရာယ် ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောပါတယ်။

ဒီသီတင်းပတ်တွေ အတွင်း ဒီမြေမြှုပ်မိုင်းတွေ ချထားခဲ့တယ် ဆိုတဲ့ သက်သေ အများအပြား ရရှိထားတယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက်က အရင်ကတည်းက ဒီကိစ္စကို ကန့်ကွက်ခဲ့ပါတယ်။

မြန်မာ ဘက်ကတော့ ဒီမိုင်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေ ချထားတာ ဖြစ်မယ် လို့ပဲ စွပ်စွဲချက်တွေကို ကန့်ကွက် ပယ်ချ ခဲ့ပါတယ်။