ထရမ့်ရဲ့ ဖိအားကို အံတုပြီး အီရန် ဒုံးကျည်သစ် ပစ်လွှတ်

  • 23 စက်တင်ဘာ 2017
Image caption Khorramshahr ဒုံးကျည်သစ်

မိုင် ၁၂ဝဝ ကျော် အကွာအဝေးထိ ပစ်နိုင်စွမ်းတဲ့ ပဲ့ထိန်းဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့တယ်လို့ အီရန် နိုင်ငံက ကြေညာပါတယ်။

ခိုရ်ရမ်ရှားဟ်လို့ နာမည်ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်ကို တီဟီရန် မြို့တော်မှာ သောကြာနေ့ စက်တင်ဘာ ၂၂ ရက်နေ့တုန်းက စစ်အခမ်းအနား ကျင်းပပြီး ပြသခဲ့သလို အဲဒီ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပုံကိုလည်း အီရန် အစိုးရ ရုပ်သံမှာ ပြသခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က အီရန်ရဲ့ ဒုံးလက်နက် အစီအစဉ်အပေါ် ဝေဖန် တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အီရန်ဘက်က အခုလို တုံ့ပြန် လုပ်ဆောင် ပြလာတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ ကာကွယ်ရေး အတွက် ဒီလို ဒုံးကျည် ထုတ်လုပ်ပိုင်ခွင့် ရှိရမယ်ဆိုပြီး အီရန်က ခုခံ ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်၊ ဒီ ဒုံးလက်နက်မှာ အနုမြူ ထိပ်ဖူး တပ်ဆင်ဖို့ ရည်ရွယ် မထားဘူးလို့လည်း အီရန်က ဆိုပါတယ်။

အခုအချိန်မှာ အီရန်က ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာဟာ သမ္မတထရမ့်ရဲ့ ရန်လိုပြီး ခြိမ်းခြောက်တဲ့ အပြောအဆိုကို တုံ့ပြန်တာ ဖြစ်ပြီး ထရမ့်ရဲ့ စကားတွေဟာ အီရန် အစိုးရ အပေါ် ပြောဆိုရုံ သက်သက်ထက် စာရင် အီရန် တမျိုးသားလုံး အပေါ် စော်ကား ပြောဆိုတယ်လို့ ခံစားနေရတယ် လို့ တီဟီရန် တက္ကသိုလ်က နိုင်ငံရေး ပါမောက္ခ Sadegh Zibakalam က ဘီဘီစီကို ပြောပါတယ်။