အမေရိကန်ဗုံးကြဲလေယာဉ်တွေ မြောက်ကိုရီးယားအနီးပျံသန်း

  • 23 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် US PACIFIC COMMAND
Image caption အမေရိကန် လေယာဉ်တွေ မြောက်ကိုရီးယား အနီး နိုင်ငံတကာ ရေပြင်ပိုင်နက် အတွင်းမှာ ပျံသန်းခဲ့ကြ

မြောက်ကိုရီးယားအရှေ့ဘက် ပင်လယ်အနီး နိုင်ငံတကာ ရေပြင်ပိုင်နက်ထဲမှာ အမေရိကန်လေယာဉ်တွေ ပျံသန်းခဲ့ပါတယ်။

ဘီဝမ်းဘီ အမျိုးအစား ဗုံးကြဲလေယာဉ်တွေကို ဂျက်တိုက်လေယာဉ်တွေက ခြံရံ စောင့်ရှောက်ပြီးပျံသန်းခဲ့တာဖြစ်ပါတယ်။

ဒါဟာ ၂၁ ရာစုအတွင်းမှာ အမေရိကန် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်တွေအနေ နဲ့ မြောက်ဘက် အဝေးဆုံးကို ပျံသန်းခဲ့တဲ့ ဖြစ်စဉ်ပါ။

ပင်တာဂွန်ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒန်နာဝှိုက်က ပြောရာမှာ သူ့အဆို မြောက်ကိုရီးယားရဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ နျူးကလီးယားနဲ့ တိုက်ချင်းပစ် ဒုံး အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်မှာ ရွေးချယ်စရာ စစ်ရေးနည်းလမ်း အများအပြားရှိတယ်ဆိုတာကို ထုတ်ဖော်ပြသတာလို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ စီမံကိန်းဟာ အလွန်ဆိုးဝါးတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

လေယာဉ်တွေပျံသန်းပြီး ခဏအကြာမှာတော့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်းဟိုဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

သူက သမ္မတဒေါ်နယ် ထရမ့်ကို စိတ်မမှန်သူလို့ ပြောဆိုခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ စိတ်ကြီးဝင်ပြီး ဘဝင်ရူးရူးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

သူ့အဆိုအရ သူတို့ ရော့ကက် ဒုံးကျည်တွေဟာ အမေရိကန် တနိုင်ငံလုံး နေရာမရွေးရောက်အောင်ပစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

သူတို့မှာလည်း အမေရိကန်နည်းတူ နျူးကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ရှိတယ်လို့ သူက ပြောပါတယ်။

သူတို့ရဲ့ နျူးကလီယားအင်အားဟာ စစ်ပွဲကို တားဆီးဖို့နဲ့ အမေရိကန်ရဲ့ နျူးကလီးယားခြိမ်းခြောက်မှု ၊ ကျူးကျော်မှု ကို အဆုံးသတ်နိုင်ဖို့သာဖြစ်ပြီး သူတို့ရဲ့ အစွန်းဆုံ ရည်မှန်းချက်ဟာ အမေရိကန်နဲ့ အင်အားချိန်ခွင်လျှာ ညီအောင်လုပ်ဖို့ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

မြောက်ကိုရီးယားကို ဆန်ရှင်တိုးမြှင့်ပိတ်ဆို့ရင် မူဝါဒပြောင်းလဲ ပြီး နျူးကလီးယားစီမံကိန်း ရပ်သွားလိမ့်မယ်လို့ ထင်နေတာဟာ စိတ်ကူးယဉ်နေတာလို့လည်း သူက ပြောပါတယ်။