ဂျပန်မှာ ၁ နှစ် စောပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် ပြော

  • 25 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှင်ဇိုအာဘေးဟာ ပြီးခဲ့တဲ့ လပိုင်းတွေထဲ လူထုထောက်ခံမှုတွေ ကျဆင်းခဲ့ပေမယ့် အခုလမှာတော့ ထောက်ခံမှု ပြန်တက်လာနေ

ဂျပန်နိုင်ငံမှာ ၁ နှစ် စောပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာလိုက်ပြီး လာမယ့် ကြာသပတေးနေ့မှာ လက်ရှိ ပါလီမန်ကို ဖျက်သိမ်းမယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ပညာရေး၊ ကြွေးမြီလျှော့ချရေး၊ လူမှုဖူလုံရေး ကဏ္ဍတွေမှာ ဂျပန် ယန်းငွေ ၂ ထရီလျံ (၁.၇၈ ဘီလီလျံ) အကုန်အကျခံ ပံ့ပိုးမယ့် အစီအစဉ်တခုကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဝန်ကြီးချုပ် အာဘေး အပေါ် ထောက်ခံမှု စံချိန်တင် ကျဆင်းနေပြီး နောက်ပိုင်း အခု လူထုထောက်ခံမှု ပြန်တက်လာချိန်မှာ ဒီကြေညာချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အခု အချိန်မှာ မစ္စတာအာဘေးရဲ့ အတိုက်အခံတွေဘက်ကတော့ စုစည်းညီညွတ်မှု ပြိုကွဲနေချိန်လည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ ဝန်ကြီးချုပ် အပေါ် လူအများရဲ့ ထောက်ခံမှုတွေ ပြန်တက်လာပြီး ခရိုနီစီးပွားရေးစနစ်ကျင့်သုံးနေတယ်ဆိုတဲ့ သူ့အပေါ် အရင်က စွပ်စွဲချက်တွေကလည်း မှေးမှိန် သွားပါတယ်။

အခုလို ရွေးကောက်ပွဲ စောကျင်းပဖို့ စီစဉ်လိုက်တာက သူ့ကို ထောက်ခံမှုတွေ ပြန်ရနေတာကို အသုံးချ လိုက်တာ ဖြစ်ပြီး အတိုက်အခံတွေ အားနည်းနေချိန်ကိုလည်း အချိန်ကိုက် အသုံးချလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လူ မကြိုက်တဲ့ မူဝါဒတွေနဲ့ အရှုပ်တော်ပုံတွေကြောင့် မစ္စတာ အာဘေးဟာ ဂျပန်မှာ လပေါင်းများစွာ ကြာအောင် လူထု ထောက်ခံမှု ကျဆင်းနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက လူထုထောက်ခံမှု ၃၀ ရာခိုင်နှုန်း အောက်အထိ ကျဆင်းခဲ့ပါတယ်။ အခု စက်တင်ဘာ လထဲမှာတော့ ၅၀ ရာခိုင်နှုန်းကျော် အထိ ထောက်ခံမှု ပြန်ရလာခဲ့တာပါ။

ဝန်ကြီးချုပ်က ခရိုနီစနစ် ကျင့်သုံးနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားတာက ဒီလို စွပ်စွဲတာတွေကို ရှောင်ရှားနိုင်ဖို့ မဟုတ်ဘူးလို့ တနင်္လာနေ့မှာ ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ လူကြိုက်မများလှတဲ့ ဂျပန်ရဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပစ္စဖိတ် ကာကွယ်ရေး မူဝါဒကိုလည်း အသက်ဝင်နိုင်ဖို့ ကြိုးစားနေပြီး ဂျပန်နိုင်ငံ အခြေခံဥပဒေထဲမှာ စစ်တပ်ကို တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။