ပထမ ကန်အမျိုးသမီး ပြောက်ကျားတပ်မှူးခန့်

  • 26 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီး အရာရှိဟာ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၄၀ ကို ဦးဆောင်မှာ ဖြစ်

အမေရိကန် မရိန်းအထူးတပ်ဖွဲ့ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး တယောက်ကို တိုက်ခိုက်ရေး ပြောက်ကျားတပ်စုမှူး ရာထူးနေရာ ခန့်အပ်လိုက်ပါတယ်။

အမည်မဖော်လိုတဲ့ အဲဒီအမျိုးသမီးအရာရှိဟာ အလွန်ခက်ခဲကြမ်းတမ်းတယ်လို့ နာမည်ကျော်ကြားတဲ့ ခြေလျင်ပြောက်ကျား အရာရှိ သင်တန်းကို ဗာဂျီးနီးယားပြည်နယ် ကွန်တီကိုက မရိန်းစစ်သင်တန်းကျောင်းမှာ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ပါတယ်။

မရိန်းတပ်သား ၁၃၁ ဦး တက်ရောက်တဲ့ ၁၃ ပတ် ကြာသင်တန်းကို ဇူလိုင်လမှာ စတင်ခဲ့ပြီး အဒီထဲက ၈၈ ဦးသာ နောက်ဆုံးမှာ အောင်မြင်နိုင်ခဲ့ကြတာပါ။ ခြေချင်တပ်ရဲ့ တပ်စုမှူး ရာထူး အတွက်ဆိုရင် ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်၊ ခြေလျင်တပ်ဖွဲ့ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်အရည်အသွေးတွေ ပြည့်ဝ အောင် လေ့ကျင့်သင်ကြားပေးတယ်လို့ အဲဒီ သင်တန်းကျောင်းက ပြောပါတယ်။

အခုဆိုရင် အမျိုးသမီးအရာရှိဟာ တပ်ဖွဲ့ဝင် ၄၀ ပါ အထူး တပ်စုရဲ့ တပ်စုမှူးအဖြစ် မကြာခင် တာဝန်တွေ ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

မရိန်းတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ရောဘတ်နေလားကတော့ အမျိုးသမီးအရာရှိသစ်နဲ့ သူ့ရဲ့ ရဲဘော်ရဲဘက် ခေါင်းဆောင်တွေ အတွက် ဂုဏ်ယူကြောင်း သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

အမေရိကန် တပ်မတော်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား ဦးရေ ၁.၄ သန်း ရှိပြီး အဲဒီမှာ အမျိုးသမီး တပ်ဖွဲ့ဝင်အရေအတွက်က ၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP US Marine Corps
Image caption မရိန်းတပ်ဟာ အမျိုးသမီးတွေ အတွက် သင့်လျော်တဲ့ နေရာမဟုတ်လို့ ယူဆနေကြမှုတွေ ရှိ

သမ္မတဟောင်း အိုဘားမားလက်ထက် ၂၀၁၆ ခုနစ်တုန်းက တိုက်ခိုက်ရေးတပ်ဖွဲ့က ရာထူးတွေအပါအဝင် စစ်ဘက်ဆိုင်ရာ ရာထူးအားလုံးမှာ အမျိုးသမီးတွေကို ခန့်အပ်နိုင်ဖို့ လမ်းစဖွင့်ပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန် စစ်မြေပြင်မှာ အမျိုးသမီးစစ်သည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် တာဝန်ထမ်းဆောင်နေကြတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာ အာဘော်ကဏ္ဍမှာ အမျိုးသမီး အရာရှိ တဦးဖြစ်သူ ဗိုလ်ကြီး ထရီဇာဖာဇီရိုက သိပ်မကြာခင်ကပဲ ရေးသားခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မရိန်းတပ်ဖွဲ့ဝင် ၁၈၃,ဝ၀ဝ ဦးရေမှာ အမျိုးသမီး ၈.၃ % ရှိ