ကာတာလန်မှာ ရဲဆန့်ကျင်ရေး ဆန္ဒပြ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်း

  • 3 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အဓိက လမ်းမကြီးတွေကိုပိတ်ဆို့ပြီး ဆန္ဒပြနေတဲ့မြင်ကွင်း

ကာတာလိုးနီးယားမှာ အထွေထွေသပိတ်ဆင်နွှဲနေပြီး ဆန္ဒပြသူတွေက အဓိက လမ်းမကြီးတွေကိုပိတ်ဆို့ ထားလို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး အားလုံးနီးပါး ရပ်ဆိုင်းနေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ကာတာလိုးနီးယားဒေသ လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်တွေ မဲရုံတွေ ဆီ မသွားနိုင်အောင် အင်အားသုံး တားဆီးခဲ့တဲ့ စပိန်ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်မှုတွေကို တန်ပြန်တဲ့ အနေနဲ့ ကာတာလန်အလုပ်သမားသမဂ္ဂက ဒီသပိတ်ကို ဦးဆောင် ကျင်းပနေတာပါ။

ဆန္ဒပြသူတွေက ကာတာလိုးနီးယားက အဓိက လမ်းမကြီး ၂၄ခု ထက်မနည်းကို ပိတ်ဆို့ထားတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပြီး ဘာစီလိုနာဆိပ်ကမ်းမှာလည်း လုပ်ငန်းတွေ အားလုံးရပ်တန့်နေတယ်လို့ အလုပ်သမားသမဂ္ဂ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြို့တော်ရဲ့ အဲလ်ပရက် လေဆိပ်နဲ့ အငှားယာဉ်တွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေပါသေးတယ်။

ကာတာလိုးနီးယားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေအားလုံးနီးပါးကတော့ ဒီနေ့တနေ့လုံး ပိတ်သိမ်းထားပြီး၊ ကျောင်း၊ တက္ကသိုလ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကလည်း အလုံးစုံနီးပါး ပိတ်နေကာ အနည်းငယ်သာ လည်ပတ်နေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲကို မဲဆန္ဒရှင်တွေ မသွားနိုင်အောင် တားဆီးနေပုံ

ကာတာလိုးနီးယား လူထုဆန္ဒခံယူပွဲမှာ ဒေသခံ ၂ သန်းကျော် မဲထွက်ပေးခဲ့ကြပြီး အဲဒီထဲက ၉၀ % က စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးယူဖို့ ဆန္ဒပြုခဲ့ကြတာပါ။

ခွဲထွက်ခွင့်အတွက်ဆန္ဒခံယူပွဲကို မဲသွားမပေး နိုင်အောင်လို့ စပိန်ရဲတွေရဲ့အကြမ်းဖက်တားဆီးမှုကြောင့် လူ ၉၀ဝ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စပိန်ဗဟိုအစိုးရကတော့ ဒီဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

Image caption ကာတာလိုးနီးယားမှာ လူဦးရေ ၇.၅ သန်းနေထိုင်

ဘီဘီစီ တဝန်း