ကက်တလန် ခေါင်းဆောင် တောင်းဆိုမှု စပိန် ဗဟိုအစိုးရ ပယ်ချ

  • 5 အောက်တိုဘာ 2017
Image caption စပိန်ဘုရင်ကို ပွတ်ဂျ်ဒါမွန် ဝေဖန်

ကက်တလိုနီးယား ဒေသရဲ့ သီးခြား လွတ်လပ်ရေး တောင်းဆိုမှုကို စပိန် ဗဟိုအစိုးရ အနေနဲ့ ကျေလည်အောင် ဖြေရှင်း ပေးပါဆိုတဲ့ ကက်တလန် ခေါင်းဆောင် ကားလက်စ် ပွတ်ဂျ်ဒါမွန်ရဲ့ တောင်းဆိုမှုကို စပိန် ဝန်ကြီးချုပ် မာရီယားနိုး ရခွိုင်းဘက်က ပယ်ချ လိုက်ပါတယ်။

ခွဲထွက်ခွင့် လှုပ်ရှားတာမျိုး ဥပဒေနဲ့ မလျော်ညီပဲ ပြုမူနေတာတွေကို မစွန့်လွှတ်မချင်း ဘယ်လို အကြောင်းနဲ့မှ ညှိနှိုင်း ဆွေးနွေးတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် ရခွိုင်း ဘက်က တော်တော်လေး တင်းတင်းမာမာ တုံ့ပြန်ပါတယ်။

ကတ်တလိုးနီးယား ဒေသ ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စပိန်ဘုရင် ဆဌမမြောက် ဖလိပေး ကလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ ညတုန်းက ရုပ်မြင်သံကြားကနေ သူ့ရဲ့ သဘောထားကို ပြောခဲ့တာမှာ ကတ်တလိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ ခွဲထွက်ရေး လူထုဆန္ဒ ခံယူပွဲဟာ တရားမဝင်သလို၊ ဒီမိုကရေစီ နည်းမကျဘူး ဆိုပြီး ပြောဆို ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မစ္စတာ ပွတ်ဂျ်ဒါမွန်က စပိန်ဘုရင်ဟာ သန်းပေါင်းများစွာသော ကက်တလန်ပြည်သူတွေကို မျက်ကွယ်ပြု လျစ်လျူရှုတာပဲ ဆိုပြီး ဝေဖန်ပါတယ်။

တိုင်းပြည်ရဲ့ ဦးစီးဦးဆောင် ပြောတဲ့ စကားဟာ ပြည်သူတစ်ဝက် အတွက်ပဲ ရည်ရွယ်တာမျိုး ဖြစ်နေတယ်၊ ဘုရင်ရဲ့ ထုတ်ပြန်ချက်ဟာ ရခွိုင်း အစိုးရရဲ့ နိုင်ငံရေးကို ပဲ့တင်ထပ်ပြတာပဲ ဆိုပြီး မစ္စတာ ပွတ်ဂျ်ဒါမွန်က ပြောပါတယ်။

လူထု ဆန္ဒ ခံယူပွဲ နေ့တုန်းက စပိန် ဗဟို အစိုးရ ရဲတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် ခဲ့လို့ ကက်တလန် ပြည်သူတွေ ခံစား ခဲ့ရတာတွေကိုလည်း ကမ္ဘာတလွှားက ဂရုဏာ သက်နေကြတယ်လို့ မစ္စတာ ပွတ်ဂျ်ဒါမွန်က ဆိုပါတယ်။

မစ္စတာ ပွတ်ဂျ်ဒါမွန်ရဲ့ အကြပ်ကိုင်ပြီး ပြောဆိုနေတာတွေကို လက်သင့် မခံဘူး၊ ဆွေးနွေးချင်ရင် ဥပဒေနဲ့ အညီ ပြုမူပါလို့ စပိန် အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

အခုလို စပိန်နိုင်ငံ အရေးအပေါ် ဥရောပ ပါလီမန်ထဲမှာလည်း ပြောဆို လာတာမှာ ဥရောပ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဌ အမှတ် ၁ လည်းဖြစ်၊ ဥပဒေစိုးမိုးရေး Rule of Law ကိစ္စပိုင်းကိုလည်း တာဝန်ယူထားတဲ့ ဖရန်စ် တီမင်မန်စ် ကလည်း ကက်တလန် လူထု ဆန္ဒ ခံယူပွဲဟာ တရားမဝင်ဘူးလို့ ပြောဆိုပါတယ်။

အီးယူ အဖွဲ့ရဲ့ အဓိက ဦးစီးဦးဆောင် နိုင်ငံ တစ်နိုင်ငံ အဖြစ် ရှုမြင်ကြတဲ့ ဂျာမနီ နိုင်ငံ အနေနဲ့ ကက်တလန် အရေးမှာ ကြားဝင် ညှိနှိုင်း ပေးလာနိုင်တယ် ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေ ရှိနေတဲ့ အပေါ်မှာ၊ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်ရဲ့ ပြောခွင့်ရ ရှတယ်ဖန် ဇိုင်းဘစ်က

ဝန်ကြီးချုပ် မာ့ခဲလ် အနေနဲ့ ကြားဝင် ဖြေရှင်းတာမျိုး လုပ်မှာ မဟုတ်ဘူး၊ ဂျာမနီ နိုင်ငံ အနေနဲ့ အခုကိစ္စ အပေါ် နီးနီးကပ်ကပ် စောင့်ကြည့်နေပေမယ့် စပိန် ပြည်တွင်းရေး သက်သက် ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တယ်လို့ ပြောပါတယ်။

အခုအချိန်ထိတော့ ကက်တလိုးနီးယား ဒေသ အရေးဟာ ဘယ်ပုံဘယ်နည်း ဖြေရှင်း သွားမယ် ဆိုတဲ့ လမ်းကြောင်း တစ်ခု ရေရေရာရာ ပေါ်ထွက် မလာသေးပါဘူး။

အခုလို ကက်တလိုးနီးယား အနေနဲ့ လုံးဝ လွတ်လပ်ရေး အရယူမယ် ဆိုတဲ့ လှုပ်ရှားမှု အထွဋ်အထိပ် ရောက်လာတာဟာ စပိန် နိုင်ငံရေးရဲ့ ဒီဘက်ခေတ် မျိုးဆက်မှာတော့ အကြီးအမားဆုံး အကြပ်အတည်း ဆိုက်လာတာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ