အိုင်အက်စ်လက်က ဟာဝီဂျာမြို့ကိုသိမ်း

  • 5 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AHMAD AL-RUBAYE
Image caption ရှီးယား မဟာမိတ်တွေ အကူတွေနဲ့ အီရတ်တပ်ဖွဲ့ အောင်ပွဲဆင်

အီရတ် နိုင်ငံမှာ အိုင်အက်စ် အဖွဲ့တွေ လက်ထဲကနေ ဟာဝီဂျာမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ အစိုးရက ကြေညာလိုက်ပါတယ်။

ဟာဝီဂျာ ဆိုတာကတော့ အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့ မြောက်ဘက်မှာ ရှိသလို ကာကွတ် ပြည်နယ်ရဲ့ အနောက်ဖက်မှာ ရှိတဲ့ အဓိက ကျတဲ့ မြို့လည်း ဖြစ်ပါတယ် ။ လူဦးရေ တသိန်းခွဲ လောက်ရှိတဲ့ အဲဒီနေရာမှာ နေထိုင်သူ ၈၅ ရာခိုင်နှုန်းဟာ ဆွန်နီ အာရပ်တွေ ဖြစ်ပြီး ကျန်တာတွေကတော့ ရှီးယား တွေ ဖြစ်ပါတယ်။

အခုတော့ အစ္စလာမ် ဝါဒီ စစ်သွေးကြွတွေ လက်ကနေ အီရတ် တပ်ဖွဲ့တွေက ပြန်လည် သိမ်းယူလိုက်ပါပြီ ။ ဒီနေရာဟာ အိုင်အက်စ် တွေ ထိန်းချုပ်ထားရာ နောက်ဆုံး လက်ကျန် နေရာတ ခုလည်း ဖြစ်ပါတယ်။ အမေရိကန် မဟာမိတ် အဖွဲ့တွေရဲ့ လေကြောင်းက ကူပစ်ပေးမှုနဲ့ ရှီးယား မဟာမိတ် လက်နက်ကိုင် တွေရဲ့ အကူအညီတွေနဲ့ အီရတ် တပ်ဖွဲ့တွေ အောင်ပွဲဆင်နိုင်ခဲ့တာပါ။

အိုက်အက်စ် တွေလက်ထဲမှာ ဒီမြို့ အရှေ့ဘက်က ရွာအနည်းငယ် ကျန်နေသေးပြီး တကယ်လို့များ အဲဒီရွာတွေပါ ကျသွားပြီဆိုရင်တော့ အိုင်အက်စ် အဖွဲ့ဟာ ဆီးရီးယား နယ်စပ်နားက အနောက်ဘက် ကန္တာရဒေသဖြစ်တဲ့ ယူဖရေးတီးမြစ် တလျှောက်က အယ် ကိုင်ရမ် တဝိုက်မှာပဲ ရှင်သန် ရပ်တည် နိုင်တော့မှာ ဖြစ်ပါတယ်။

တကယ်တော့ ဂျီဟတ် ဝါဒီတွေဟာ အီရတ် အိမ်နီးချင်း ဆီးရီးယား က ဒဲလ် အာဇော ပြည်နယ် တဝိုက်မှာ အင်အား အခိုင်အမာနဲ့ ရပ်တည်လျက် ရှိနေတာပါ။ ဒါပေမဲ့ အခုအချိန်မှာ ဆီးရီးယားဘက်မှာလည်း ဆီးရီးယား အစိုးရ တပ်တွေနဲ့ အမေရိကန် ထောက်ပံ့မှုနဲ့ ကာ့ဒစ်ရှ် ၊ အာရပ် တိုက်ခိုက်ရေး သမားတွေရဲ့ သူတို့ကို နှိမ်နင်း နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AHMAD AL-RUBAYE
Image caption ဟာဝီဂျာက ထွက်ပြေးလာတဲ့ ဒေသခံတွေ

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ဝင်တိုက်ခဲ့တုန်း ဒီ ဟာဝီဂျာမြို့ဟာ ဆူနီ အာရပ် သူပုန်တွေ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ ၂ဝ၁၄ မှာ အိုင်အက်စ်တွေ လက်ထဲ ဒီမြို့ ကျရောက် သွားခဲ့ပြီး ကာလီဖိတ် အဖြစ် အစ္စလာမ်နိုင်ငံအဖွဲ့ အခြေကုပ်ယူရာ နေရာအဖြစ် ကြေညာ ခဲ့တာလည်း ဖြစ်ပါတယ်။ အီရတ် တပ်ဖွဲ့တွေ မိုဆူးလ်မြို့ကို ချီတက် သိမ်းပိုက်စဉ်မှာ ဒီမြို့ဟာ တခြား အိုက်အက်စ် အဖွဲ့တွေ ထိန်းချုပ် ထားတဲ့ နေရာတွေ ဝိုင်းရံထားတာကြောင့် အလွယ်တကူ သိမ်းမရ ဖြစ်ခဲ့တာပါ။

ဟာဝီဂျာမြို့သိမ်း တိုက်ပွဲကို စက်တင်ဘာ ၂၁ ရက်နေ့က စတင်ပြီး အီရတ် စစ်တပ် ၊ ရဲ ၊ အထူး တပ်ဖွဲ့တွေနဲ့ ရှီးယား လက်နက်ကိုင်တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေကလည်း လေကြောင်းက ပစ်ကူပေးခဲ့တာကြောင့် Shirqat ရှီးယားကွက် မြို့ကို စစ်ဆင်ရေး ဒုတိယနေ့မှာ သိမ်းနိုင်ခဲ့သလို အီရတ် တပ်တွေ အရှေ့တောင်ဘက်ကို ထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဟာဝီဂျာမြို့ အိုက်အက်စ် လက်ထဲက လွတ်မြောက်ခဲ့ပြီလို့ စစ်ဆင်ရေး အကြီးအကဲက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အီရတ် နိုင်ငံ အတွက်သာ မဟုတ်ပါဘူး၊ တကမ္ဘာလုံးရဲ့ အောင်ပွဲ ဖြစ်ပါတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်းကလည်း ဆိုပါတယ်။ ဒါ့အပြင် ပြင်သစ် အနေနဲ့ အီရတ် နိုင်ငံမှာ တည်ငြိမ်မှု ရရှိစေလိုတယ်လို့ ပြောသွားခဲ့ပါတယ် ။