အမေရိကန်မှာ သန္ဓေတားဆေး အခမဲ့ ပေးတဲ့ ဥပဒေ ပြင်ဆင်

  • 7 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သန္ဓေတားဆေး ကန့်သတ်မှုကြောင့် အမျိုးသမီးရေး လှုပ်ရှားသူတွေ ဆန္ဒပြ

အမေရိကန်နိုင်ငံမှာ အလုပ်ရှင်တွေ၊ အာမခံ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ၊ ဖောက်သည် တွေကို သန္ဓေတားဆေး အခမဲ့ မပေးပဲ နေခွင့်ရှိတဲ့ ဥပဒေတခုကို သမ္မတ ထရမ့်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

သမ္မတ အိုဘားမား လက်ထက်တုန်းကတော့ အလုပ်ရှင်ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းအမျိုးသမီး ၅၅သန်းလောက်ကို သန္ဓေတားဆေးတွေ အခမဲ့ ထောက်ပံ့ပေးခဲ့ရတာပါ။

ဒီဥပဒေအတည်ဖြစ်ခဲ့တဲ့ ပထမဆုံးနှစ်မှာ အမျိုးသမီးတွေအတွက် သန္ဓေတားဆေးဘိုး ဒေါ်လာ ၁ဒဿမ၄ဘီလျံလောက် သက်သာခဲ့တယ်လို့ တချို့က ခန့်မှန်းပါတယ်။

ဒီသန္ဓေတားဆေး အခမဲ့ ဥပဒေဟာ ၂၀၀၉ခုနှစ် တုန်းက သမ္မတ အိုဘားမား အတည်ပြုလိုက်ပြီးကတည်းက ဥပဒေကြောင်းအရ အခြေအတင် အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။

သူ့အစိုးရ တက်လာခဲ့ရင် ဒီဥပဒေကို ပြင်မယ်လို့ သမ္မတထရမ့်က ရွေးကောက်ပွဲ မဲဆွယ်စဉ်တုန်းက ကတိပြုခဲ့ပါတယ်။

အလုပ်ရှင်တွေ၊ အာမခံကုမ္ပဏီတွေမှာ ဘာသာရေး အကြောင်းခံ ဒါမှမဟုတ် ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြောင်းတွေ ရှိရင် သန္ဓေတားဆေး ပေးစရာ မလိုဘူးလို့ အမေရိကန် ကျန်းမာရေး ဌာနက ပြောပါတယ်။

ဒီဥပဒေ ပြင်ဆင်လိုက်တဲ့အကြောင်း ထုတ်ဖော် ကြေညာစဉ်မှာ အမေရိကန် ကျန်းမာရေးဌာနက သန္ဓေတားဆေး အခမဲ့ ရနေတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ပိုများလာစေတယ် ဆိုတဲ့ လေ့လာချက်တခုကို ထည့်သွင်း ပြောသွားခဲ့ပါတယ်။

သန္ဓေတားဆေးတွေကို အကြောင်းအမျိုးမျိုးအတွက် သုံးကြတာ ဖြစ်ပြီး ကလေးမလိုချင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သုံးတာက တချက်အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီး သားအိမ်နဲ့ ဆိုင်တဲ့ ရောဂါတွေကို ကုရာမှာလည်း အသုံးပြုလေ့ ရှိတာမို့ မီးယပ်နဲ့ သားဖွား ဆိုင်ရာ ဆရာဝန်တွေကတော့ ဒီဥပဒေသစ်ကြောင့် သူတို့ရဲ့ လူနာတွေကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

သန္ဓေတားဆေးဘိုး မတတ်နိုင်တဲ့ သန်းနဲ့ ချီတဲ့ အမျိုးသမီးတွေ အခုအခါ သန္ဓေတားခွင့် ဆုံးရှုံးသွားကြလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်တွေကို အမေရိကန် ကျန်းမာရေးဌာနက ငြင်းချက်ထုတ်လိုက်ပြီး အလုပ်ရှင်ကုမ္ပဏီ ရာခိုင်နှုန်း အနည်းအပါးလောက်ကပဲ ဒီလို လုပ်မှာလို့ ဆိုပါတယ်။

ဒီလို ဥပဒေ ပြင်ဆင်လိုက်တာအပေါ် ဘာသာရေး အုပ်စုတွေနဲ့ ရှေးရိုးစွဲဝါဒီတွေကတော့ ဝမ်းသာအားရ ကြိုဆိုကြပါတယ်။

ဘာလိုပဲဖြစ်ဖြစ် သမ္မတ ထရမ့်ကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်သွားတယ် ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ နယူးယောက်မြို့က ဘီဘီစီ သတင်းထောက် Nada Tawfik က သတင်းပေးပို့ထားပါတယ်။