စပိန်မပြိုကွဲရေး အတွက် လူ၃သိန်းခွဲ ချီတက်

  • 9 အောက်တိုဘာ 2017
Image caption ဘာစီလိုနာ ဆန္ဒပြပွဲမြင်ကွင်း

အနည်းဆုံး လူပေါင်း ၃ သိန်း ခွဲလောက်ပါဝင်တဲ့ လွတ်လပ်ရေးကို ဆန့်ကျင်ပြီး စပိန် ညီညွတ်ရေးကို တောင်းဆိုတဲ့ ချီတက်ဆန္ဒပြပွဲတရပ်ကို ဘာစီလိုနာမှာ ကျင်းပခဲ့ပါတယ်။

စပိန်နဲ့ ကက်တလန် အလံတွေကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး အတူနေကြမယ်ဆိုရင် ပိုပြီး အင်အားတောင့်တင်းလာမယ် ကက်တလိုးနီးယားဟာ စပိန်ဖြစ်တယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတာပါ။

ဒီဆန္ဒပြပွဲဟာ ကက်တလန် လွတ်လပ်ရေးအတွက် ဆန္ဒခံယူမှုတွေ ကျင်းပခဲ့ပြီး အုတ်အုတ်ကျက် ဖြစ်နေတဲ့ အချိန်မှာ ကက်တလိုးနီးယားမှာ စပိန်ညီညွတ်ရေးအတွက် အကြီးအမားဆုံး ချီတက်ပွဲ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

စပိန်ဝန်ကြီးချုပ် ရာဟွိုင်းကတော့ ဥပဒေပ လုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုထားသလို ခွဲထွက်ရေးကြိုးပမ်းမှုတွေကို ရပ်တန်းကရပ်ဖို့လည်း သတိပေးထားခဲ့ပါတယ်။

စပိန်ညီညွတ်ရေးအတွက် အလားတူ ဆန္ဒပြပွဲမျိုးတွေကိုလည်း ပြီးခဲ့တဲ့ စနေနေ့က စပိန်နိုင်ငံအနံ့မှာ ကျင်းပခဲ့ပါသေးတယ်။

ချမ်းသာ ကြွယ်ဝတဲ့ အရှေ့မြောက် ပြည်နယ်ရဲ့ ဆန္ဒခံယူပွဲရလာဒ်တွေအရတော့ မဲဆန္ဒရှင် ၂ ဒဿမ ၃ သန်းအနက် ၉၀ ရာခိုင်နှုန်းသော ကက်တလန် ဒေသခံတွေဟာ လွတ်လပ်ရေးအတွက် မဲပေးခဲ့ကြပါတယ်။

အဲဒီဆန္ဒခံယူပွဲတွေကို စပိန်ရဲတွေက အင်အားသုံး တားမြစ်ခဲ့ပြီး လူ ၉၀ဝ လောက် ဒဏ်ရာရခဲ့ကြသလို ရဲ ၃ ဦးလည်း ဒဏ်ရာရခဲ့ကြတာပါ။ ဘုံသဘောထားအပေါ် အခြေခံတဲ့ ညီညွတ်ရေးရှိပြီး တည့်တည့်မတ်မတ် ပြန်လည် စဉ်းစားချင့်ချိန်တတ်မှုတွေ ရှိလာဖို့လိုတယ်လို့ စပိန်အစိုးရဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဂျိုးဇက်ဘော်ရယ်ကပြောပါတယ်။

နှစ်ပေါင်း ၅၀ဝ လောက် တည်ဆောက်ခဲ့တဲ့ သမိုင်းတွေကို ကျော်လွန်ပြီး အနည်းဆုံး တကြိမ်ထက်ပိုတဲ့ အာဏာသိမ်း ဇာတ်လမ်းတွေကိုကို သင်တို့ လိုအပ်နေတယ် လို့ စပိန်စာရေးဆရာဖြစ်တဲ့ Vargas Llosa က ဆန္ဒပြလူအုပ်ကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတယောက်ဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ် Araceli Ponze ကတော့ ကျွန်တော်တို့ဟာ ကက်တလန်နဲ့ စပိန်အတူတူပဲ ဆိုသလို ခံစားမိတယ်။ ဘယ်လို ဖြစ်နိုင်မယ်မသိတဲ့ ကြီးမားတဲ့ အခြေအနေတရပ်ကို ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့ဘာကို လိုလားတယ်ဆိုတာ သူတို့သိအောင်လို့ ရဲရဲဝံ့ဝံ့ပြောကြရပါမယ်။ လို့ ပြောပါတယ်။

ကက်တလန် လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ကားလက်စ် ပူဂျစ်တ်မွန်က ဒီနေ့ အောက်တိုဘာလ ၉ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီမှာ လွတ်လပ်ရေးကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ စပိန် အခြေခံဥပဒေခုံရုံးကတော့ တနင်္လာနေ့မှာ ကျင်းပဖို့ရှိတဲ့ ကက်တလန် ပါလီမန် အစည်းအဝေးတွေကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ကက်တလန်ဒေသမှာ ဝင်ရောက်ရင်းနှီးမြှပ်နှံ လုပ်ကိုင်နေတဲ့ မက်ဒရစ်အခြေစိုက် စီးပွားရေးလုပ်ငန်းတွေကတော့ နိုင်ငံရေးအရ မရေရာမှုတွေကြောင့် လုပ်ငန်းတွေ ရုပ်သိမ်းတာမျိုးတွေ ဆက်ပြီးလုပ်နေကြပါတယ်။