နတ်မြစ်ထဲ ရိုဟင်ဂျာလှေ နစ်ပြီး အနည်းဆုံး ၁၂ ဦးသေ

  • 9 အောက်တိုဘာ 2017
Image caption နတ်မြစ်ကို ဖြတ်ပြီး လှေနဲ့ ထွက်ပြေး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေး သွားကြတဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတစင်း တိမ်းမှောက် သွားတဲ့အတွက် အနည်းဆုံး ၁၂ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းက နတ်မြစ်ကို ဖြတ်ကူးနေတဲ့ လှေ မှောက်သွားခဲ့တာ ဖြစ်ပါတယ်။

လှေပေါ်မှာ လူဘယ်နှစ်ယောက် လိုက်ပါ လာခဲ့သလဲဆိုတာ အတိအကျ မသိရပေမယ့်၊ အယောက် ၄ဝ ကနေ ၁ဝဝ လောက် အထိ ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက ခန့်မှန်းပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကို အခုအခါ ရှာဖွေ ကယ်ဆယ်နေပါတယ်။

လှိုင်းကြီးပြီး ရာသီဥတု ဆိုးဝါးတဲ့ အခြေအနေကြောင့် အခုလို လှေတိမ်းမှောက်ခဲ့တာလို့ ယူဆရပါတယ်။

Image caption မိသားစုလိုက် သေဆုံးသူတွေရှိ

အသက်ရှင် လွတ်မြောက်လာသူ တဦး ဖြစ်တဲ့ ဆာယက်ဒ် ဟူစိန် သတင်းထောက်တွေကို ပြောတာကတော့ ကလေးတွေ အပါအဝင် လူ ၂ဝ နဲ့ ၆၀ ကြားလောက် လှေပေါ်ကို ညနေ ၆နာရီလောက်က တက်ခဲ့တယ်၊ ကမ်းစပ်မှာ ၁ဝရက်လောက် စောင့်ခဲ့ရတယ်၊ လှေထွက်ပြီးလို့ တစ်နာရီလောက် အကြာမှာပဲ လှေမှောက်သွားခဲ့ပြီး သူ့ရဲ့ မိသားစုတစ်ခုလုံး လှေမှောက်တဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတွေ တိမ်းမှောက်ပြီး လူသေဆုံးမှုတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ လကုန်ပိုင်းတုန်းကလည်း အလားတူ လှေမှောက်မှုကြောင့် လူ ၆ဝ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကုန်းလမ်းကနေ ထွက်ပြေးသူ အတော်များများ ရှိသလို နတ်မြစ်ကို ဖြတ်ပြီး လှေနဲ့ ထွက်ပြေး ကြသူတွေကိုတော့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေက အခကြေးငွေတွေ မတန်တဆ တောင်းကြပါတယ်။

မြစ်ကို ဖြတ်ပြီး လှေနဲ့ ကူးလာနိုင်ဖို့ ရခိုင်ပြည်နယ်ဘက်ခြမ်းမှာ စောင့်နေကြသူတွေ သောင်းနဲ့ချီ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ပြောခွင့်ရ အမျိုးသမီး ဗီဗီယန်တန် က ပြောပါတယ်။

Image caption လှေနဲ့ ကူးလာနိုင်ဖို့ စောင့်နေကြသူတွေ သောင်းနဲ့ချီ ရှိ

အဲဒီနေရာမှာ အစားအသောက်နဲ့ သောက်သုံးရေတွေ ပြတ်နေပြီး အတော်လေး အခြေအနေ ဆိုးနေပုံ ရတယ်လို့လည်း ဗီဗီယန်တန် က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ နှောင်းပိုင်းက နယ်ခြားစောင့် ရဲကင်းစခန်းတွေကို အစွန်းရောက် ရိုဟင်ဂျာ လက်နက်ကိုင်တွေ အကြမ်းဖက် တိုက်ခိုက် ခဲ့အပြီး အစိုးရ စစ်တပ်က စစ်ရေး ဆောင်ရွက်ချက်တွေ လုပ်ခဲပါတယ်။

ဒီအခြေအနေတွေကြား ရိုဟင်ဂျာ ၅သိန်းကျော်လောက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို ထွက်ပြေး ခဲ့ကြတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

သူတို့ကို မြန်မာစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ ရွာတွေ မီးရှို့တာတွေ လုပ်တဲ့အတွက် ထွက်ပြေးခဲ့ရတာလို့ ထွက်ဆိုသူတွေ ရှိပါတယ်။

မြန်မာ အစိုးရနဲ့ အစိုးရ စစ်တပ်ကတော့ ရိုဟင်ဂျာတွေကို လူမျိုးရေးအရ မျိုးနွယ်တုန်း သတ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး၊ အစွန်းရောက် စစ်သွေးကြွတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ အာဆာ အဖွဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ဟိန္ဒူဘာသာဝင် လူနည်းစု ဝင်တွေလည်း အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး၊ အာဆာ အဖွဲ့က ဟိန္ဒူတွေကို ရာနဲ့ချီ သတ်ဖြတ်ခဲ့တယ်လို့ မြန်မာ အစိုးရက ပြောထားပါတယ်။