ပွဲတော်တွင်း မီးရှုးမီးပန်း မဖောက်ဖို့ အိန္ဒိယ တရားရုံးချုပ် တားမြစ်

  • 9 အောက်တိုဘာ 2017
Image caption လေထု ညစ်ညမ်းမှု ကာကွယ်ဖို့ ကြိုးစားနေ

အိန္ဒိယ နိုင်ငံမှာ ဟိန္ဒူရိုးရာ ဒေပါဝလီပွဲတော် ကာလ နီးလာချိန်မှာပဲ မြို့တော် ဒေလီမှာတော့ ဗျောက်အိုးနဲ့ မီးရှုးမီးပန်းတွေ မပစ်ဖောက် ရဘူး ဆိုပြီး ဗဟို တရားရုံးချုပ်က တားမြစ် လိုက်ပါတယ်။

ဒီလို တားမြစ်မှုကြောင့် မြို့တော်ရဲ့ လေထု ညစ်ညမ်းမှု ဘယ်လောက် သက်သာ သွားနိုင်သလဲ ဆိုတာ ဆန်းစစ်လိုတယ်လို့ ရုံးတော်က ဆိုပါတယ်။

ဒေလီမြို့တော်ဟာ လေထု အညစ်ညမ်းဆုံး ကမ္ဘာ့မြို့ကြီး စာရင်းဝင် နေပါတယ်။

အခု တားမြစ်မှုဟာ နိုဝင်ဘာလ ၁ ရင်နေ့ အထိ သက်ရောက်မှာ ဖြစ်ပြီး၊ ဒေပါဝလီ ပွဲတော်ဟာ အောက်တိုဘာ ၁၈ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

ကောင်းမြတ်ခြင်းက ဆိုးယုတ်မှု မိစ္ဆာတရားအပေါ် အောင်နိုင်တဲ့ အထိမ်းအမှတ် ကျင်းပတဲ့ အဲဒီ ဒေပါဝလီပွဲတော်ဟာ ဟိန္ဒူ ဘာသာရေး ပွဲတော်တွေထဲ အင်မတန် အလေးအမြတ် အထား ခံရဆုံး ပွဲတော် ဖြစ်ပါတယ်။

ဒီ ကန့်သတ်ချက်ဟာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ကတည်းက ပထမဆုံး အကြိမ် အမိန့် ထွက်လာခဲ့ပြီးကာမှ၊ ပြီးခဲ့တဲ့ လက ယာယီ ပြန်လည် ရုပ်သိမ်း ခဲ့ပါတယ်။

တားမြစ်မိန့်ကို ပြန်လည် အသက်သွင်းဖို့ တောင်းဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတဲ့ နောက်မှာတော့ တရားရုံးချုပ်က အခုလို ကာလ အကန့်အသတ် အတိုင်းအတာနဲ့ အမိန့် ချမှတ် လာတာ ဖြစ်ပါတယ်။