၁၀ နှစ် သမီးကို အဓမ္မကျင့်ခဲ့သူကို ဖော်ထုတ်

  • 10 အောက်တိုဘာ 2017
Image caption အုပ်ထိန်းသူတွေလည်း သက်ငယ်မုဒိမ်း ပြုမူတတ်

အိန္ဒိယနိုင်ငံက ၁၀ နှစ်အရွယ် မိန်းကလေးတယောက်ဟာ ဦးလေးတော်စပ်သူတွေရဲ့ အဓမ္မပြုကျင့်ခံရပြီး ရလာတဲ့ ကိုယ်ဝန်ကနေမွေးဖွားလာတဲ့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူကို ရဲကဖော်ထုတ်လိုက်နိုင် ပြီဖြစ် ပါတယ်။

အဲ့ဒီကလေးငယ်ကို ကိုယ်ဝန်ရစေသူအဖြစ် မူလကဖမ်းဆီးထားတဲ့ ဦးလေးဖြစ်သူနဲ့ ကလေးရဲ့ မျိုးဗီဇ (ဒီအန်အေ) ကို တိုက်ဆိုင်စစ်ဆေးရာမှာ မတူညီခဲ့တဲ့အတွက် ဦးလေးတော်စပ်သူတွေထဲက ကနဦး ဖမ်းဆီး ထားသူရဲ့ ညီဖြစ်သူကို ရဲက သံသယတရားခံ အဖြစ်ထပ်မံ ဖမ်းဆီးခဲ့တာပါ။

အဲဒီမှာ ဒုတိယ ဦးလေးရဲ့ ဒီအန်အေနဲ့ တူညီနေတဲ့ အတွက် သူ့ကို တရားစွဲဖို့ စီစဉ်နေတယ်လို့ ချန်ဒီဂါး မြို့တော် အကြီးတန်း ရဲမှူး နီလန်ဘာရီဗီဂျေးက ဘီဘီစီကို ပြောပါတယ်။

ဒီအမှုအတွက် နောက်ထပ်ကြားနာမှုကို လာမယ့် အင်္ဂါနေ့ ဒေသတရားရုံးမှာ ပြုလုပ်သွားဖို့ရှိပါတယ်။

ကနဦးက ဖမ်းဆီးထားခဲ့တဲ့ ကလေးမလေးရဲ့ ဦးလေးဖြစ်သူကိုလည်း ဆက်လက်ဖမ်းဆီးထားပြီး သူဟာလည်း ကလေးမလေးကို အဓမ္မပြုကျင့်တဲ့ ထဲမှာပါတယ်လို့ ယုံကြည်ထားတဲ့အတွက်ဖြစ်ပါတယ်။

ဒီနှစ် ဇူလိုင်လလယ်လောက်မှာ ကလေးမလေးဟာ အစာအိမ်နာလို့ မိဘတွေက ဆေးရုံခေါ်သွားပြရာကနေ သူ့မှာ ကိုယ်ဝန်ရှိနေတာကို သိခဲ့ရတာပါ။

ဦးလေး တော်စပ်သူတွေရဲ့ မတရားပြုကျင့်တာကိုခံရပြီး ရလာတဲ့ဒီကိုယ်ဝန်ကို ဖျက်ချဖို့ တင်ပြခဲ့ပေမယ့် တရားရုံးက ခွင့်မပြုခဲ့တဲ့အတွက် ၁၀ နှစ်အရွယ် ကလေးမလေးဟာ ဒီကိုယ်ဝန်ကို မွေးဖွားခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုဟာ အိန္ဒိယမှာသာမက တကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့အမှုလည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယမှာ ကလေးသူငယ်သန်း ၄၀ဝ ရှိ

အိန္ဒိယနိုင်ငံတွင်းက တရားရုံးတွေမှာ ပြီးခဲ့တဲ့ လတွေအတွင်း အလားတူအမှုတွေအတွက် ကိုယ်ဝန်ဖျက်ချဖို့ အသနားခံစာအများအပြားကိုရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့ တည်ဆဲဥပဒေအရ မိခင်လောင်း အသက်အန္တရာယ် ဖြစ်နိုင်တယ်လို့ ဆရာဝန်ရဲ့ အတည်ပြုချက် မပါရင် သီတင်းပတ် ၂၀ ကျော်နေပြီး ကိုယ်ဝန်တွေကို ဖျက်ချခွင့် မပြုပါဘူး။

သက်ငယ်မုဒိမ်းမှု အများစုမှာ ခံရသူကလေးငယ်တွေဟာ သူတို့ကိုယ်တိုင် ဘာဖြစ်နေတယ်ဆိုတာ သိရှိ နားလည်တာမျိုးမရှိတဲ့အတွက် ကိုယ်ဝန်အတော်များများဟာ နောက်ကျပြီးမှ သိရတဲ့ အခြေနေတွေဖြစ် နေပါတယ်။