ကလေးအရွယ်ဇနီးကို ကာမဆက်ဆံတာ အဓမ္မပြုကျင့်မှုမြောက်လို့ အိန္ဒိယတရားရုံးဆုံးဖြတ်

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယမှာ ကလေးသူငယ် သန်း ၄၀ဝ ရှိနေပြီး ကလေးအရွယ်နဲ့ အိမ်ထောင်ချပေးတာ ခံရတာတွေလည်း ရှိနေဆဲ

အမျိုးသားတွေကို သူတို့ရဲ့ အသက်မပြည့်သေးတဲ့ ဇနီးမယားတွေနဲ့ တရားဝင် ကာမဆက်ဆံခွင့် ရစေတဲ့ ဥပဒေ တခုကို အိန္ဒိယဗဟိုတရားရုံးက ပယ်ဖျက်လိုက်ပါတယ်။

အဓမ္မပြုကျင့်မှုနဲ့ ဆက်စပ်တဲ့ အဲဒီ ဥပဒေ အပိုဒ်ခွဲ မှာ ဇနီးဖြစ်သူဟာ အသက် ၁၅ နှစ် အထက် ဆိုရင် လိင်ဆက်ဆံခွင့် ရှိတယ် ဆိုပြီး အရင် ပါခဲ့တာပါ။

အိန္ဒိယမှာ တရားဝင် နှစ်ဦးသဘောတူ လက်ထပ်နိုင်ခွင့် အသက်က ၁၈ နှစ် ဖြစ်ပေမယ့် အိမ်ထောင်တွင်း အဓမ္မပြုကျင့်မှုကို ရာဇဝတ်မှု အဖြစ် သတ်မှတ် မထားခဲ့ပါဘူး။

အခု တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆို ကြပေမယ့် ဒါကို လက်တွေ့မှာ တကယ် ကျင့်သုံးဖို့က ခက်ခဲလိမ့်မယ်လို့ သတင်းထောက်တွေက သုံးသပ်ပါတယ်။

အခု ဥပဒေသစ်မှာ အသက် ၁၈ နှစ် အောက် ဇနီးသည်တွေဟာ သူတို့ အလိုဆန္ဒမပါဘဲ အိမ်ထောက်ဖက်နဲ့ လိင်ဆက်ဆံရရင် အဓမ္မမှု အဖြစ် ယောက်ျားကို တရားစွဲနိုင်ခွင့် ရသွားပါပြီ။ ဒါပေမယ့် အသက် မပြည့်သေးတဲ့ ဇနီးသည်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စပ်ယှက်ခံရပြီး တနှစ်အတွင်းမှာ တိုင်ကြားဖို့တော့ လိုပါတယ်။

ဒါဟာ မိန်းကလေးငယ်တွေအပေါ် သမိုင်းနဲ့ချီ မှားယွင်းကျင့်ကြံနေခဲ့တာကို ပြန်လည် ပြုပြင်နိုင်ခဲ့တဲ့ ဥပဒေဆုံးဖြတ်ချက်လို့ အမျိုးသမီးအရေး တက်ကြွသူ ဗစ်ခရမ် ရှရီဗာစတာဗ်က ပြောပါတယ်။ သူက ဒီကိစ္စမှာ ပြုပြင်ပြောင်းလဲဖို့ ဆော်သြတောင်းဆိုလာခဲ့တဲ့ အဖွဲ့တွေထဲက တခု ဖြစ်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ် အဖွဲ့ကို ထူထောင်သူ တဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒေလီအခြေစိုက် ဘီဘီစီ သတင်းထောက် ဂီတာပန်ဒေးကတော့ ကလေးသူငယ် ထိမ်းမြားလက်ထပ်တာတွေ အစစ်အဆေးမရှိ ဖြစ်ပျက်နေသေးတဲ့ တိုင်းပြည်မှာ ဒီဥပဒေက လက်တွေ့ကျင့်သုံးနိုင်ဖို့ ခက်ခဲမယ်လို့ ဆိုပါတယ်။

ကလေးသူငယ် အရွယ်နဲ့ အိမ်ထောင်ချပေးတဲ့ ဓလေ့ဟာ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် မူလတန်းပညာရေး မဖြစ်မနေ သင်ယူခွင့်ရရေး၊ ကျား-မ တန်းတူ ညီမျှမှုရှိရေး၊ ကလေးငယ်ဘဝ ဖြတ်သန်းခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်ရေးတွေမှာ နှောင့်ယှက်တားဆီးနေတယ်လို့လည်း အိန္ဒိယအစိုးရက ပြောထားတာရှိပါတယ်။