ဂီတသမားဖြစ်ခဲ့တဲ့ အိုင်အက်စ် အဖွဲ့ဝင် အမျိုးသမီး သေဆုံး

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် UNKNOWN
Image caption ဂျုံးစ်ဟာ ဗြိတိန်မှာ တဦးတည်း တိုက်ခိုက်မှုတွေ လုပ်ဖို့ တိုက်တွန်းအားပေးခဲ့သူဖြစ်

အိုင်အက်စ်အဖွဲ့အတွက် တပ်သားသစ်တွေ စုဆောင်းပေးတဲ့ ဗြိတြိသျှအမျိုးသမီးဟာ ဆီးရီးယား စစ်မြေပြင်က အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားပါတယ်။ ကင့်နယ် ချာတန်မြို့က ဂျုံးစ်ဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၃ ခုနစ်က ဆီးရီးယားကို သွားရောက်ခဲ့ပြီးနောက် အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

သူမသေဆုံးကြောင်း သတင်းကို The Sun သတင်းက ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး ဘီဘီစီရဲ့ လုံခြုံရေး သတင်းထောက် Frank Gardner ကတော့ ဂျုံးစ်ဟာ အိုင်အက်စ် အဖွဲ့အတွက် ဆိုရှယ် မီဒီယာပေါ်မှာ အသုံးဝင်တဲ့ ဝါဒဖြန့်ချိစရာ လူပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဗြိတိသျှအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူတွေအတွက် မှတ်ချက်ပေးတာ သတင်းထုတ်ပြန်တာမရှိသလို ဒီကိစ္စကို ငြင်းဆန်တာလည်း မရှိပါဘူး။ ဘီဘီစီရဲ့ အမေရိကန် သတင်းအရင်းအမြစ်တွေကတော့ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း ဂျုံးစ်ဟာ သေဆုံးသွားတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

၂၀၁၃ မတိုင်ခင်က စစ်ရေးလေ့ကျင့်ခန်းတွေတောင် မလုပ်ခဲ့ဖူးတဲ့ ဂျုံးစ်ဟာ ဂျီဟဒ်ဝါဒီ တဦးဖြစ်တဲ့ Junaid Hussein နဲ့ လက်ထပ်ခဲ့ပါတယ်။ သူ့ခင်ပွန်းဖြစ်သူကတော့ ၂၀၁၅ ခုနစ်က ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။

အရင်က ပန့်ဂီတသမားတဦးဖြစ်တဲ့ ဂျုံးစ်ဟာ အနောက်တိုင်းအမျိုးသမီးတွေကို အိုင်အက်စ်အဖွဲ့ဝင်အဖြစ် စုဆောင်းပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း ဗြိတိန်မှာရှိတဲ့ ခရစ်ယာန်တွေကို ခြိမ်းခြောက်တဲ့အကြောင်း စာတွေရေးသားလေ့ရှိသူဖြစ်ပါတယ်။

လန်ဒန် ဂရင်းနစ်ဇာတိဖြစ်တဲ့ ဂျုံးစ်ဟာ ဗြိတိန်မှာ တဦးတည်း တိုက်ခိုက်မှုတွေ လုပ်ဖို့ တိုက်တွန်းအားပေးခဲ့သူဖြစ်ပြီး လက်လုပ်ဗုံးတွေ ဘယ်လိုလုပ်သလဲဆိုတဲ့နည်းတွေကို သင်ပေးမယ်ဆိုပြီး လူမှု့ကွန်ယက်မီဒီယာက တဆင့် ကမ်းလှမ်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

တွစ်တာ သုံးစွဲလေ့ရှိတဲ့ သူမဟာ ဆီးရီးယားကို ဘယ်လို သွားရမယ်ဆိုတဲ့ လမ်းညွှန်မှုတွေကိုလည်း တွစ်တာကနေတဆင့်ပေးလေ့ရှိကာ စစ်လက်နက်ပစ္စည်းတွေနဲ့ သူမရဲ့ဓာတ်ပုံကိုလည်း အဲဒီအကောင့်မှာ တင်ထားလေ့ရှိသူဖြစ်ပါတယ်။