ယူနက်စကိုအဖွဲ့က အမေရိကန်နုတ်ထွက်

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျေရုဆလမ်ရှိ အထွတ်အမြတ်နေရာများ

ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကို အဖွဲ့ကြီးက အမေရိကန် ပြည်ထောင်စု နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ကလည်း အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန် ရဲရင့်တယ်လို့ ကြိုဆို သွားပါတယ်။ အမေရိကန် နည်းတူ အစ္စရေးကလည်း တပြိုင်တည်း နုတ်ထွက်ဖို့ သူ့နိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြား ထားတယ် လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ဆိုပါတယ်။

အမေရိကန်ဟာ ယူနက်စကို အဖွဲ့ကြီးနဲ့ ခပ်လှမ်းလှမ်း နေခဲ့တာ နှစ်တော်ကြာပါပြီ။

၂၀၁၁ ခုနှစ်တုန်းက အဖွဲ့ကြီးက ပါလက်စတိုင်းကို တင်းပြည့် အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တဲ့အခါ အမေရိကန်က သူထည့်ဝင်ရမယ့် ရန်ပုံငွေကို ဖြတ်တောက် လိုက်ပါတယ်။ ဒါပေမဲ့ နှစ်စဉ် ဒေါ်လာသန်းချီပြီး ယူနက်စကိုက ဆက်တောင်းခံ နေတဲ့အတွက် အကြွေးပေးရမယ့် ငွေအများကြီး ဖြစ်နေတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေး ဌာနက စိတ်ပူကြောင်းပြောပါတယ်။

ယူနက်စကို အနေနဲ့ အစ္စရေး ဆန့်ကျင်ရေးဘက်ကို ဘက်လိုက်တယ်လို့ အမေရိကန်တို့ ဘက်ကပြောတာ အချိန်ကြာပါပြီ။ ယူနက်စကို အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းတဲ့ နေရာတွေကို သတ်မှတ် ပေးတဲ့အတွက် ထင်ရှားပါတယ်။

တဖက်ကလည်း ယဉ်ကျေးမှု နယ်ပယ် အသီးသီးကြားမှာ ပေါင်းကူးပေးတာမျိုး ပညာရေး မြှင့်တင်တဲ့ ကိစ္စမျိုး တွေကိုလည်း ဆောင်ရွက်ပါတယ်။ အခုလို ပညာရေး ယဉ်ကျေးမှုနယ်ပယ်မှာ ဆောင်ရွက်စရာ အထူးလိုအပ် ချိန်မျိုးမှာ အမေရိကန်က နုတ်ထွက်မှာ စိတ်မကောင်း ဖြစ်မိတယ်လို့ ယူနက်စ်ကိုအဖွဲ့ ညွှန်ကြားရေးမှူးချုပ် အီရီနာ ဗိုကိုဗာ ကပြောပါတယ်။

အမေရိကန် ဘက်ကတော့ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူ အဖြစ်ဆက်ရှိ နေမယ်လို့ပြောပါတယ်။ ဒါပေမဲ့ အခု ဆောင်ရွက်ချက်ဟာ ကုလသမဂ္ဂ အဖွဲ့အစည်း တွေရဲ့ ကုန်ကျစရိတ်နဲ့ ရရှိတဲ့တန်ဖိုးကို အမြဲ မေးခွန်းထုတ်နေတဲ့ သမ္မတထရမ့်ရဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဘီဘီစီသတင်းထောက်က သုံးသပ်သွားပါတယ်။