အီရတ်နဲ့ ကာ့ဒ်တပ်တွေ ထိပ်တိုက်တွေ့

  • 16 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ခါကွတ်ကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ဖို့ ကာ့ဒ်တပ်တွေကို ညွှန်ကြားထား

အီရတ်အစိုးရတပ်ဖွဲ့ဝင်တွေဟာ ကာ့ဒ် လူမျိုးတွေရဲ့ ခါကွတ်ဒေသကို ဆက်လက်ချီတက်နေရာ ခါကွတ်မြို့တော်တောင်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အဲဒီ ဒေသက ရေနံတွင်းတွေနဲ့ လေတပ်အခြေစိုက်စခန်းတခုကို အီရတ်တပ်တွေက ထိန်ချုပ်နိုင်ဖို့ ရည်ရွယ်တာလို့ ကာ့ဒ်ဒေ့ရှ် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

အီရတ် အစိုးရ ရုပ်မြင်သံကြားရဲ့ ကြေညာချက်မှာ ရေနံမြေတွေအပါအဝင် ဒေသတချို့ကို တိုက်ခိုက်မှု မရှိဘဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပေမယ့် ကာ့ဒ်တာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကာ့ဒ်ဒေ့ရှ်ပက်ရှ်မာဂါတပ်တွေဟာ အိုင်အက်စ်ကို တိုက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့

ပြီးခဲ့တဲ့ စက်တင်ဘာလက ကျင်းပခဲ့တဲ့ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို လွတ်လပ်တဲ့ နိုင်ငံ အဖြစ် ခွဲထွက်ခွင့် ဆန္ဒခံယူပွဲ ပြီးကတည်းက အီရတ်-အာရပ်လူမျိုးတွေ အများစု ဖြစ်တဲ့ ဗဟိုအစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အီရတ်-ကာဒစ်စတန် ဒေသအစိုးရ နှစ်ဖက်ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေတာပါ။

ဒီအရေးမှာ အီရတ်ကို တစုတစည်းတည်း ဖြစ်စေဖို့ အမေရိကန်က လိုလားပြီး တင်းမာနေတဲ့ အခြေအနေကို ဖြေလျော့နိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးတာကသာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ အမျိုးသမီး တဦးက ပြောပါတယ်။

တနင်္ဂနွေက ပြုလုပ်ခဲ့တဲ့ နှစ်ဖက်တွေ့ဆုံပွဲကတော့ အောင်မြင်မှု တစုံတရာ မရခဲ့ပါဘူး။ ခွဲထွက်ခွင့် အသာရခဲ့တဲ့ ဆန္ဒခံယူပွဲ ရလဒ်ကို ပယ်ဖျက်ပေးဖို့ အီရတ်အစိုးရ တောင်းဆိုတာကို ကာ့ဒ်ခေါင်းဆောင်တွေက လက်မခံခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption တနင်္ဂနွေနေ့ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ အီရတ်သမ္မတ ဖူအတ်မာဆွန်း (ဝဲ) နဲ့ အီရတ်ကာ့ဒ် သမ္မတ ဘာဇာနီ (ယာ)

ကာ့ဒ်အရာရှိတွေရဲ့ ထုတ်ပြန်ချက်အရ အီရတ်တပ်ဖွဲ့တွေနဲ့ သူတို့ ထောက်ပံ့ထားတဲ့ ရှီယာ ပြည်သူ့စစ် အဖွဲ့တွေဟာ ခါကွတ်မြို့တော်ဆီ ဆက်လက်ဦးတည် ချီတက်နေတယ်လို့ ဆိုပါတယ်။

အီရတ်အစိုးရ အာဏာပိုင်တွေကတော့ သူတို့အနေနဲ့ အခြေစိုက်စခန်းတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်ထောင်စု စနစ် အခြေခိုင်မာရေး ရည်ရွယ်တာလို့ ပြောပြီး ကာ့ဒ်ဒေ့ရှ်ပက်ရှ်မာဂါ စစ်သည်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ဆိုပါတယ်။

ကာ့ဒ်ဒေသက နေရာတချို့ကိုလည်း အီရတ်တပ်တွေ သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ အီရတ်အစိုးရ မီဒီယာက ပြောပါတယ်။

အီရတ်မြောက်ပိုင်းမှာ အစ္စလာမ်မစ်နိုင်ငံအဖွဲ့ (အိုင်အက်စ်) ကြီးစိုးပြီး အစိုးရစစ်တပ် ကျရှုံးချိန် ၂၀၁၄ ခုနှစ်ကတည်းက ခါကွတ်ဒေသရဲ့ နေရာအတော်များများကို ကာ့ဒ်ဒေ့ရှ်ပက်ရှ်မာဂါတပ်တွေက ထိန်းချုပ်ထားခဲ့တာပါ။

အဲဒီဒေသက လေတပ်စခန်းတွေဟာ ကာ့ဒ်ဒေ့ရှ်ပက်ရှ်မာဂါတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိဆဲပဲလို့ ကာ့ဒ်ခေါင်းဆောင် မာဆွတ်ဘာဇာနီရဲ့ အကူ ဟာမင်ဟိုရာမီက သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာမှာ ပြောပါတယ်။

ကာ့ဒ်ခေါင်းဆောင်တွေနဲ့ အနေနဲ့ ဒီကိစ္စမှာ စစ်ရေးနဲ့ ဖြေရှင်းဖို့ မရှိဘူးလို့ သူက အစောပိုင်းမှာ ဆိုထားခဲ့ဖူးပေမယ့် အခုအခါမှာတော့ ခါကွတ်မြို့တော်ကို ပြင်ပတပ်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ရာ အဆင်သင့် ရှိနေတယ်လို့ မစ္စတာ ဟိုရာမီက ပြောပါတယ်။

Image caption ကာ့ဒ်တပ်တွေ ထိန်းချုပ်ရာဒေသ အပါအဝင် အီရတ်နိုင်ငံ မြေပုံ

ခါကွတ်မှာ တူရကီနိုင်ငံက ကာဒစ် အလုပ်သမား ပါတီ (ပီကေကေ) အပါအဝင် ပြည်ပက စစ်သည်တွေကို ကာ့ဒ်အုပ်ချုပ်ရေးက ခွင့်ပြုထားတယ်လို့ အီရတ် အစိုးရက စွပ်စွဲခဲ့ပြီး ဒါဟာ စစ်ကြေညာတာနဲ့ အလား သဏ္ဌာန်တူတယ်လို့ ဆိုထားပါတယ်။

ဒီစွပ်စွဲချက်ကို ကာ့ဒ်ဘက်ကတော့ ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း အီရတ်နဲ့ကာ့ဒ် နှစ်ဖက်တွေဟာ ခါကွတ်မြို့နားမှာ ခဏတာ တိုက်ပွဲ အနည်းငယ် ဖြစ်ခဲ့ပြီး ဒီအတွက် နှစ်ဖက်စလုံးက တဖက်နဲ့ တဖက် အပြစ်တင်ခဲ့ကြပါတယ်။

ကာ့ဒ်နဲ့ ဘဂ္ဂဒက်အစိုးရ နှစ်ခုစလုံးက ရေနံကြွယ်ဝလှတဲ့ ခါကွတ်ဒေသကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ကာ့ဒ်နဲ့အီရတ် တပ်တွေဟာ မကြာသေးခင် အချိန်က အထိ အစ္စလာမ်မစ်နိုင်ငံအဖွဲ့ကို အတူပူးတွဲ တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ဘီဘီစီ တဝန်း