လွတ်လပ်ရေးကြေညာချက် ဖြေရှင်းဖို့ ကက်တလန် ခေါင်းဆောင် ပျက်ကွက်

  • 16 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘာစီလိုးနား မြို့တော်က ကာတလန် လွတ်လပ်ရေး ထောက်ခံသူများ

စပိန်နိုင်ငံက ကက်တလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သမ္မတက မက်ဒရစ် ဗဟိုအစိုးရကို ပေးပို့ခဲ့တဲ့ စာထဲမှာ သူ့အနေနဲ့ ကက်တလန်ဒေသ လွတ်လပ်ရေး ကြေညာခဲ့တာနဲ့ စပ်လျဉ်းပြီး ရှင်းရှင်းလင်းလင်း ဖြေဆိုမထားပါဘူး။

ကက်တလိုနီးယား သမ္မတ ကားလက်စ်ပွတ်ဂျ်ဒါမွန် အနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို တနင်္လာနေ့ (ဒီနေ့) နောက်ဆုံးထားပြီး ဖြေရှင်းဖို့ စပိန် အစိုးရက ရာဇသံပေးထားတာပါ။

ဒါပေမယ့် ကက်တလန် ခေါင်းဆောင်ကတော့ သူ့စာထဲမှာ ဒီကိစ္စကို လာမယ့် နှစ်လအတွင်း တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့သာ ပြန်လည် တောင်းဆိုထားပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ လွတ်လပ်ရေး လူထု ဆန္ဒခံယူပွဲ အပြီး အရင်သီတင်းပတ်တုန်းက ကက်တလန် လွတ်လပ်ရေး ရယူကြောင်း မစ္စတာ ပွတ်ဂျ်ဒါမွန်က ကြေညာခဲ့ပေမယ့် စပိန်အစိုးရနဲ့ စကားပြောဆိုတာတွေ လုပ်ဖို့ ဆိုပြီး လွတ်လပ်ရေး ကြေညာချက်ကို ဆိုင်းငံ့ထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကက်တလန်ခေါင်းဆောင် ပွတ်ဂျ်ဒါမွန်က စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးယူမယ် ဆိုခဲ့

စပိန်အစိုးရရဲ့ ရာဇသံကို တုံ့ပြန်တဲ့ မစ္စတာ ပွတ်ဂျ်ဒါမွန်ရဲ့ ဖြေဆိုချက်ဟာ တရားမဝင်ဘူးလို့ စပိန် တရားရေးဝန်ကြီး ရာဖေးကာတာလာက ပြောကြောင်း စပိန်သတင်းအေဂျင်စီ Efe က ဆိုပါတယ်။

အဲဒီစာမှာ စပိန်ဗဟိုအစိုးရရဲ့ တောင်းဆိုချက်တွေကို မစ္စတာ ပွတ်ဂျ်ဒါမွန်ရဲ့ ဒေသန္တရအစိုးရအနေနဲ့ ဘယ်လို လိုက်လျောပေးဖို့ စီစဉ်နေတယ်ဆိုတာတွေ မပါဘူးလို့လည်း ဝန်ကြီး ကာတလာက ပြောပါတယ်။

မစ္စတာ ပွတ်ဂျ်ဒါမွန် အနေနဲ့ လာမယ့် ကြာသပတေးနေ့ မတိုင်မီ ကက်တလန် လွတ်လပ်ရေးကို တရားဝင် ရုပ်သိမ်းကြောင်း ကြေညာဖို့ အချိန်ပေးဖွယ် ရှိပြီး အဲဒီအချိန်ကျမှ ကက်တလိုနီးယားခေါင်းဆောင်ဘက်က တုံ့ပြန်တာ မလုပ်ရင် စပိန်အစိုးရက တိုက်ရိုက် ကြားဝင် ကြေညာဖို့ ရှိပါတယ်။

Image caption ဆန္ဒခံယူပွဲ ရလဒ်ကို စပိန်ဗဟိုအစိုးရက လက်မခံခဲ့

အောက်တိုဘာ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကက်တလန် ဒေသဆိုင်ရာ လူထု ဆန္ဒခံယူပွဲဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး စပိန်ဖွဲ့စည်းအုပ်ချုပ်ပုံ တရားရုံးက ရလဒ်ကို တရားမဝင်ဘူးလို့ ကြေညာခဲ့ပါတယ်။ ကက်တလိုနီးယား ဒေသ အစိုးရကတော့ ဆန္ဒခံယူပွဲမှာ လွတ်လပ်ရေးကို ထောက်ခံသူ ၉၀ ရာခိုင်နှုန်း နီးပါးရှိတယ်လို့ ဆိုပါတယ်။

မဲလာပေးသူ အရေအတွက်ကတော့ ဒေသလူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

မဲပေးတဲ့ နေ့မှာ မဲရုံတွေဆီ ဒေသခံလူထု မလာနိုင်အောင် စပိန် အစိုးရ ရဲတပ်ဖွဲ့ အင်အားသုံး တားဆီးခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘီဘီစီ တဝန်း