ဖိလစ်ပိုင်တောင်ပိုင်းက စစ်သွေးကြွ ခေါင်းဆောင် ၂ ယောက် သေဆုံး

  • 16 အောက်တိုဘာ 2017
Image caption အစ္စနီလွန် ဟာပီလွန်နောက် နှစ်နဲ့ချီပြီး ခြေရာခံခဲ့ရ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီကို မေလကတည်းက တိုက်ခိုက်နေတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်တွေရဲ့ ထိပ်တန်း ခေါင်းဆောင် ၂ ယောက် သေဆုံး သွားပြီ ဖြစ်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက အတည်ပြုပါတယ်။

အစ္စနီလွန် ဟာပီလွန်နဲ့ အိုမာ မာအုတေး တို့ နှစ်ဦးရဲ့ ရုပ်အလောင်း ဓာတ်ပုံတွေကို ဖိလစ်ပိုင် အစိုးရ တပ်မှူး တစ်ယောက်က စာနယ်ဇင်းသမားတွေကို ပြသ ခဲ့ပါတယ်။

မာရာဝီ မြို့လယ်ကို အစိုးရတပ်က ပြန်သိမ်း နိုင်ဖို့ ကြိုးစား ခဲ့တဲ့ အဆုံးသတ် တိုက်ပွဲတွေ အတွင်း အဲဒီ စစ်သွေးကြွ ခေါင်းဆောင် ၂ ယောက် သေဆုံး သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု အသေဖမ်းဆီးမိတဲ့ သူ နှစ်ဦး ပေါင်းစည်းပြီး ဂျီဟာ့ဒ် အဖွဲ့ တစ်ခုကို ပြီးခဲ့တဲ့ နှစ်က ဖွဲ့စည်းခဲ့ပါတယ်။

သူတို့ အဖွဲ့ဟာ အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ IS အပေါ် သစ္စာခံကြောင်း ကြေညာခဲ့ပြီး ၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံက သူတွေကို သိမ်းသွင်း ခဲ့ပါတယ်။

အဲဒီ အဖွဲ့ကို ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ ပေးသူ အိုမာ မာအုတေးနဲ့ ညီအစ်ကို တော်စပ်တဲ့ အဗ္ဗဒူလာလည်း သေဆုံး သွားတာ နှစ်လ လောက်ကြာပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပေမယ့် ဖိလစ်ပိုင် စစ်တပ်ကတော့ အဗ္ဗဒူလာ တစ်ယောက် လွတ်မြောက် သွားနိုင်တယ်လို့ ဆိုပါတယ်။