ကက်တလန် ခွဲထွက်ရေးသမား နှစ်ယောက်ကိုဖမ်း

  • 17 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကက်တလန် ခွဲထွက်ရေး ခေါင်းဆောင် ဂျိုဒီကွစ်ဇတ် (ဝဲ) နဲ့ ဂျိုဒီဆန်းချက်စ် (ယာ)

ကက်တလန် လွတ်လပ်ရေး လှုပ်ရှားမှုထဲက အဓိက ခေါင်းဆောင်း နှစ်ယောက်ကို စပိန် တရားသူကြီး တဦးက ဖမ်းဆီးမိန့် ထုတ်လိုက်ပါတယ်။

ထင်ရှားတဲ့ ခွဲထွက်ရေးအဖွဲ့တွေကို ခေါင်းဆောင်နေသူတွေ ဖြစ်ကြတဲ့ ဂျိုဒီဆန်းချက်စ်နဲ့ ဂျိုဒီကွစ်ဇတ် နှစ်ယောက်ကို အစိုးရပုန်ကန်မှုနဲ့ ဖမ်းဆီး စစ်ဆေးနေတုန်းမှာ အာမခံလည်း မပေးဘူး ဆိုပါတယ်။

တနင်္လာနေ့က စပိန် ဗဟိုတရားရုံးမှာ အမိန့်ချခံခဲ့ရတဲ့ သူတို့ နှစ်ယောက်ဟာ စပိန် အစိုးရက တရားမဝင်ဘူးလို့ သတ်မှတ်ခဲ့တဲ့ အောက်တိုဘာ ၁ ရက် ကက်တလိုနီးယား လွတ်လပ်ရေး ဆန္ဒခံယူပွဲမှာ ဦးဆောင် ခဲ့သူတွေဖြစ်ပါတယ်။

မစ္စတာ ဆန်းချက်စ်က လွတ်လပ်ရေး ထောက်ခံတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့ ကက်တလန် အမျိုးသား စုရုံးမှု (ANC) ကို ဦးဆောင်နေသူ ဖြစ်ပြီး မစ္စတာ ကွစ်ဇတ် ကတော့ ဘာစီလိုနာ အခြေစိုက် ကက်တလန် အမျိုးသားရေး အဖွဲ့ အိုမနီယံကာလ်ချာ အဖွဲ့ရဲ့ ခေါင်းဆောင်ပါ။

ကက်တလိုနီးယား ပြည်သူတွေဟာ သူတို့ အနာဂတ် အတွက် ထိုက်တန်ပြီး ဘယ်တော့မှ မျှော်လင့်ချက် မကုန်ဆုံးစေဖို့ ကက်တလန် ခွဲထွက်ရေးဝါဒီတွေကို တိုက်တွန်းထားတဲ့ ဗီဒီယို ဖိုင်တခုကို မစ္စတာ ကွစ်ဇတ်က သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာမှာ တရားရုံးမိန့် မချခင် ကြိုတင် ရိုက်ကူးထုတ်ပြန်ခဲ့ပါသေးတယ်။

သူတို့ ဖမ်းဆီးခံရတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ကက်တလန်မှာ မနေ့က တညလုံး ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့ မှာလည်း ဆက်လက် ဆန့်ကျင် ကြဖို့ ရှိပါတယ်။ ကက်တလိုနီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ သမ္မတ ကားလက်စ်ပွတ်ဂျ်ဒါမွန် ကလည်း သူ့ရဲ့ တွစ်တာကတဆင့် ဒီဖမ်းဆီးမှုကို ပြစ်တင် ရှုတ်ချထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကက်တလိုနီးယား ခေါင်းဆောင် ပွတ်ဂျ်ဒါမွန်ရဲ့ ဘာစီလိုနားမြို့တော်က ဟောပြောပွဲမှာ တွေ့မြင်ရတဲ့ လွတ်လပ်ရေးထောက်ခံသူများ

အောက်တိုဘာ ၁ ရက် ကက်တလန် လူထု ဆန္ဒခံယူ အပြီးမှာ ကက်တလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ သမ္မတ ကားလက်စ် ပွတ်ဂျ်ဒါမွန်က လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ စပိန်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုပြီး ခွဲထွက်ရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ကိုတော့ ဆိုင်းငံ့ထားတာပါ။

လမယ့် နှစ်လအတွင်းမှာ ဆွေးနွေးပွဲတွေ စတင်ဖို့ မစ္စတာ ပွတ်ဂျ်ဒါမွန်က တောင်းဆိုထားပါတယ်။

စပိန်ဗဟို အစိုးရကတော့ ကက်တလိုနီးယား ဒေသန္တရ အစိုးရအနေနဲ့ လွတ်လပ်ရေး ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းဖို့ ရာဇသံ ပေးထားပြီး အဲဒီလိုမှ မဟုတ်ရင် ကက်တလန် ဒေသကို စပိန် အစိုးက တိုက်ရိုက် အုပ်ချုပ်မယ်လို့ ကြေညာထားပါတယ်။

အရင်အပတ်ကပဲ စပိန်အစိုးရရဲ့ လွတ်လပ်ရေး ကြေညာချက်ကို သဲသဲကွဲကွဲ ဖြေရှင်းဖို့ တောင်းဆိုချက်ကို မစ္စတာ ပွတ်ဂျ်ဒါမွန်က ငြင်းဆိုခဲ့ပြီး စပိန်အစိုးရအပေါ် ဒေါသထွက်စေခဲ့ပါတယ်။

စပိန် အစိုးရက သူ့ရဲ့ ခေါင်းဆောင်မှု အနေအထားကို ဖြေရှင်းဖို့ အတွက် လာမယ့် ကြာသပတေးနေ့ အထိ ထပ်မံ အချိန် ပေးထားပါတယ်။

ဘီဘီစီ တဝန်း