အွန်လိုင်းက မဖွယ်မရာပုံတွေ အရေး သြစတြေးလျ ကိုင်တွယ်

  • 18 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မဖွယ်မရာ ဓာတ်ပုံ ဖြန့်ဝေခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရ

သြစတြေးလျနိုင်ငံမှာ မဖွယ်မရာ ဓာတ်ပုံတွေ အွန်လိုင်း ဖြန့်ချိခံရသူတွေကို ကူညီနိုင်ဖို့ နိုင်ငံတဝှမ်း တိုင်ကြားနိုင်မယ့် အွန်လိုင်း ဝက်ဘ်ပေါ်တဲလ် တခုကို ပထမဆုံးအဖြစ် တည်ထောင် လိုက်ပါတယ်။

ဒီ ပေါ်တဲလ်ကနေ ဓာတ်ပုံတွေကို ဖယ်ရှားနိုင်ဖို့ အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားနိုင်ဖို့နဲ့ တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ကိုပါ အကြံပေး ကူညီနိုင်မှာပါ။

ဒီနည်းပညာ အစီအစဉ် အတွက် အမေရိကန် ဒေါ်လာ ၄.၈ သန်း ကုန်ကျခံထားပြီး ဒါဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလို့ ဆက်သွယ်ရေးဝန်ကြီး မစ်ချ်ဖိုက်ဖီးလ်က ပြောပါတယ်။

ဒါပေမယ့် ဒါမျိုး အလားသဏ္ဌာန်တူတဲ့ အကူအညီပေးမှုတွေကို အမေရိကန်က ကယ်လီဖိုးနီးယားပြည်နယ် အစိုးရက စီစဉ်ပေးတာမျိုးတွေရှိသလို အခြား နေရာတွေမှာလည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။

ပုဂ္ဂလိက ဘဝနဲ့ သက်ဆိုင်တဲ့ တကိုယ်ရေ ဓာတ်ပုံတွေကို ကာယကံရှင် ဆန္ဒ မပါဘဲ အွန်လိုင်း မှာ ဖြန့်ချိတာမျိုးက ကမ္ဘာ အနှံ့မှာ ကျယ်ကျုယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။

သြစတြေးလျမှာ ဆိုရင် အသက် ၁၆ နှစ် နဲ့ ၄၉ နှစ် ကြား အမျိုးသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ သူတို့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အလွဲသုံးစား အနိုင့်အထက် ပြုတာကို ခံနေရတယ်လို့ အီလက်ထရောနစ် လုံခြုံရေး ရဲမင်းကြီးက ပြောပါတယ်။

ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ လူနည်းစု ဌာနတိုင်းရင်းသား သြစတြေးလျန်တွေဟာ ဒီလို အွန်လိုင်းမှာ ဓာတ်ပုံနဲ့ အကြမ်းဖက်ခံရနိုင်ခြေ ပိုများတယ်လို့ လေ့လာမှု တခုက ဆိုပါတယ်။

ညစ်ညမ်းဓာတ်ပုံတွေ အွန်လိုင်းမှာတင် ဖြန့်ခံရသူတွေရဲ့ ၇၆ ရာခိုင်နှုန်းက ဒီကိစ္စ အတွက် ဘယ်လို အရေးယူ ဆောင်ရွက်တာမျိုးကိုမှ လုပ်လေ့လုပ်ထ မရှိဘူးလို့လည်း အဲဒီ လေ့လာမှုမှာ တွေ့ရှိရပါတယ်။ အများစုက သူတို့ ဘာလုပ်ရမှန်း မသိကြလို့ ဆိုပါတယ်။

လက်စားချေတဲ့ အနေနဲ့ ဖြန့်ချိတဲ့ ညစ်ညမ်းဓာတ်ပုံတွေကို ဖြန့်ချိသူနဲ့ အဲဒီဓာတ်ပုံတွေ တင်ထားတဲ့ အွန်လိုင်းကွန်ရက် ဝက်ဘ်ဆိုဒ်တွေကို ဒဏ်ကြေးတပ်တဲ့ တရားမဥပဒေ ပြစ်ဒဏ်ပေးဖို့လည်း စဉ်းစားနေတယ်လို့ ဝန်ကြီး မစ္စတာ ဖိုက်ဖီးလ်က ဆိုပါတယ်။

သြစတြေးလျရဲ့ ပြည်နယ် ဒေသ အတော်များများမှာ ဒီလို ဓာတ်ပုံတွေ ဖြန့်ချိသူကို အပြစ်ပေး အရေးယူနိုင်မယ့် တည်ဆဲ ဥပဒေတချို့ ပြဋ္ဌာန်း ထားပြီး ဖြစ်သလို ဆက်သွယ်ရေးပုဒ်မတွေနဲ့လည်း ကျူးလွန်သူတွေကို တရားစွဲဆိုလေ့ရှိပါတယ်။

လက်စားချေ ညစ်ညမ်းပုံ ဖြန့်ချိမှုကို ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်နဲ့ အမေရိကန်က ပြည်နယ် အများစုမှာလည်း တားမြစ်ထားပါတယ်။

ဘီဘီစီ တဝန်း