အီရတ်အစိုးရ ကမ်းလှမ်းချက် ကာ့ဒ်ကြိုဆို

  • 20 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption Kurd ခေါင်းဆောင်များ

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ကာ့ဒ်တို့ သိမ်းပိုက်ထားတဲ့ အငြင်းပွားနေတဲ့နယ်မြေကို အီရတ်တပ်တွေက ပြန်သိမ်းပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ အီရတ် ဝန်ကြီးချုပ်က ကာ့ဒ်ဒေသန္တရ အစိုးရနဲ့ဆွေးနွေးဖို့ ကမ်းလှမ်း လိုက်ပါတယ်။

အခုသတင်းပတ် စောစောပိုင်းတုန်းက ကာ့ဒ်ဒေသမှာ လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ခွဲထွက်ဖို့ကြိုးပမ်းတဲ့အတွက် အီရတ်တပ်ဖွဲ့တွေ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အခုအခါ အဲဒီတင်းမာမှုကို ဖြေလျှော့ဖို့ အီရတ် ဝန်ကြီးချုပ်က ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်တုန်းက အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံအဖွဲ့နဲ့ တိုက်ပွဲတွေအတွင်း သိမ်းပိုက်ထားတဲ့ နယ်မြေတွေ အခုအခါ ကာ့ဒ်ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသက လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီနယ်မြေထဲမှာ ကာကွတ်နဲ့ သူ့ပတ်ဝန်းကျင်က ရေနံအများအပြားထွက်ရှိတဲ့ နယ်တွေလည်းပါဝင်လို့ ကာ့ဒ်တို့ လက်လွှတ်လိုက်ရတာဟာ အစိုးရအတွက် ဝင်ငွေအများအပြား ရရှိတဲ့ နေရာတွေ ဆုံးရှုံးကုန်ပါတယ်။

အခုတော့ နယ်မြေပြန် သိမ်းပြီးတဲ့အခါ အီရတ်အစိုးရဟာ ကာ့ဒ်ခေါင်းဆောင်တွေနဲ့ညှိနှိုင်းဖို့ အသာစီး ရထားပါတယ်။ ဝန်ကြီးချုပ် ဟိုင်ဒါအယ် အဘာဒီက လွတ်လပ်ရေး အတွက်မဲပေးတဲ့ ရလဒ်ကို ဖျက်သိမ်းဖို့လိုလားပါတယ်။ ဒါပေမယ့် ကာဒစ္စတန်ဒေသရဲ့သမ္မတ မာဆွတ်ဘာဇာနီကတော့ မဲပေးခဲ့တာ အချည်းနှီး မဖြစ်သင့်ဘူးလို့အခိုင်အမာ ပြောနေပါတယ်။

နောက်ပြီးဒေသန္တရ အစိုးရက ဆွေးနွေးပွဲတွေ အောင်မြင်အောင် နိုင်ငံတကာက အကူအညီပေးဖို့ တောင်းဆိုနေပါတယ်။ ဗဟိုအစိုးရ တပ်တွေရှိတဲ့ ကာကွတ်နဲ့ အာဘီလ်မြို့ကြီးတွေ ဆက်တဲ့လမ်းမကြီးရဲ့အနီးမှာ ကာ့ဒ်လက်နက်ကိုင်တွေရှိနေလို့ နှစ်ဖက် တပ်တွေကြား တင်းမာမှုကြီးထွားနေပါတယ်။

ကုလသမဂ္ဂ ဘက်ကလည်း ကာဒ်အရပ်သားတွေကို အီရတ်တပ်ဖွဲ့တွေက သူတို့နေအိမ်တွေကနေ မောင်းထုတ်ပြီး စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးပစ်တယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်နေကြောင်း ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ရစ်ချက်ဂယ်ပင်က သတင်းပေးပို့ထားပါတယ်။