သတ်ဖြတ်ခံထားရတဲ့ ကြံ့ ပုံ ဓာတ်ပုံပြိုင်ပွဲဆုရ

  • 23 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် BRENT STIRTON/WPY
Image caption အခြားသက်ရှိတွေအပေါ် လူတွေရဲ့ စာနာမှု ပျောက်ဆုံးကုန်ပြီလို့ ဘရန့်ဆို

ထိတ်လန့်တုန်လှုပ်စရာ ရာဇဝတ်မှုမြောက်တဲ့ သားရဲတိရစ္ဆာန် သတ်ဖြတ်ခံထားရမှု ဓာတ်ပုံဟာ ဒီနှစ်အတွက် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲရဲ့ ထိပ်ဆုံးအဆင့်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

တောင်အာဖရိကနိုင်ငံသား Brent Stirton ရိုက်ကူးထားတဲ့ လှဲကျနေတဲ့ ကြံ့ရဲ့ပုံဟာ သီးသန့် ဘေးမဲ့တောထဲကနေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သားရဲတိရစ္ဆာန် ခိုးဖမ်းတဲ့သူတွေဟာ ညပိုင်းမှာ အသံတိတ် သေနတ်နဲ့ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဦးချိုဖြုတ်ယူသွားခဲ့ပါတယ်။

ကြံ့ နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေ တရားမဝင်ရောင်းဝယ်နေမှုတွေကို Stirton ဟာ လျှို့ဝှက်စုံစမ်းရင်း အဲဒီဓာတ်ပုံကို ရယူခဲ့တာဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံသတင်းထောက်ဟာ အကြိမ်သုံးဆယ်ထက်မနည်း အဲဒီလို ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကို တွေ့ရှိမှတ်တမ်းတင်ခဲ့ဖူးပြီး အဲဒီအတွေ့အကြုံဟာ စိတ်ပျက်စရာကောင်းတယ်လို့လည်း သူက ဆိုပါတယ်။

ကျွန်တော့် ရင်သွေးဟာ လာမဲ့ ဖေဖော်ဝါရီလမှာ မွေးဖွားမှာဖြစ်ပြီး ကျွန်တော်က အခု အသက် ၄၈နှစ်ရှိပါပြီ။ ကျွန်တော့်အနေနဲ့ အခုလို ကာလတာရှည်လုပ်လာတဲ့ အလုပ်ကို ကျောခိုင်းတော့မှာဖြစ်ပြီး ကျွန်တော်အနေနဲ့ ဓာတ်ပုံသတင်းထောက်ဘဝကို ယုံကြည်လို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ သက်ရှိတွေ အသက်ဆက်ရှင်ဖို့ အခွင့်အလမ်းနည်းလာတဲ့အတွက် ဒီအလုပ်ကို ယုံကြည်မှု နည်းလာခဲ့တယ် လို့ Brent Stirton က ပြောပါတယ်။

Stirton ဟာ လန်ဒန်မြို့က သဘာဝ သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ သဘာဝ ဆုပေးပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပြီး ဒီလိုသတ်ဖြတ်မှုတွေဟာ ဒေသခံတွေက လုပ်ဆောင်တာဖြစ်တယ်လို့ သူယုံကြည်ပြီး အမိန့်အရ လုပ်ဆောင်တာလို့လည်း သူက ယုံကြည်ထားပါတယ်။

ထုံးစံအရတော့ တိရစ္ဆာန်ချိုတွေကို သတ်ဖြတ်သူမဟုတ်တဲ့ အခြားလူက ရောင်းချလေ့ရှိတာဖြစ်ပါတယ်။ ဒီလို ဖြစ်ရပ်တွေကနေ ရရှိလာတဲ့ တိရစ္ဆာန် အစိတ်အပိုင်းတွေဟာ တောင်အာဖရိက ကနေတဆင့် မိုဇမ်ဘစ်ကို ဖြတ်လို့ တရုတ် ဒါမှမဟုတ် ဗီယက်နမ်အထိ သွားကြတာပါ။

အဲဒီ အာရှနိုင်ငံတွေမှာ ရှိတဲ့ လမ်းဘေးဈေးကွက်မှာတောင် ကြံ့ချိုဈေးဟာ ရွှေ ဒါမှမဟုတ် ကိုကင်းဈေးထက် ကြီးပါတယ်။

ကျွန်တော်ဒီဆုကိုရတဲ့အတွက် ဒီဓာတ်ပုံကို အခြေပြုလို့ ကျွန်တော်တို့ဟာ ခြားနားတဲ့ အခြေအနေမှာ နေနေရတယ်ဆိုတာဂျူရီအဖွဲ့ဝင်တွေအနေနဲ့ သတိပြုမိကြမှာဖြစ်ပါတယ်။ လို့ Stirton က ဘီဘီစီကို ပြောပါတယ်။

တိရစ္ဆာန်မျိုးစိပ်များစွာအနက် ကြံ့တွေဟာ အသက်ဆုံးရှုံးမှုနှုန်း များလာနေတဲ့ သတ္တဝါဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့တွေအနေနဲ့ ဒီပုံကိုရွေးချယ်တဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်။ ဒီပုံက တခြား အကျိုးသက်ရောက်မှုတွေ ရှိလာပါစေလိမ့်မယ် လို့ Stirton က ပြောပါတယ်။

ဂရီလာမျောက်ဝံ breadfruit သစ်သီးစားနေတဲ့ပုံကလည်း ထိပ်တန်းဓာတ်ပုံ စာရင်းဝင်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံကိုတော့ နယ်သာလန်နိုင်ငံ ဒင်နီယာယ် နယ်လဆင်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။