ဗုဒ္ဓဟူးနေ့ ခွဲခန်းထဲ သွင်းနိုင်ဖို့ ကြိုးစားနေ

  • 14 နိုဝင်ဘာ 2017
Image caption အာဇူး တက္ကသိုလ် ဆေးရုံမှာ ကုသပေးနေ

မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ စစ်သား ရရှိလာတဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို တောင်ကိုရီးယား ဘက်က ထုတ်ပြောလာပါတယ်။

အဲဒီ စစ်သားဟာ အနည်းဆုံး သေနတ်ကျည် ၅ ချက် အထိမှန် ခံခဲ့ရတယ်၊ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက အချက် ၄ဝ လောက် ပစ်ခတ် ခဲ့တာပါ။ ဒါပေမယ့် အဲဒီ စစ်သားဟာ တောင်ကိုရီးယား ပိုင်နက်ထဲထိ ရောက်အောင် ပြေးလာခဲ့ပြီး၊ သစ်ရွက်ကြွေတွေ အပုံလိုက် ဖြစ်နေတဲ့ အောက်မှာ လဲနေတာ တွေ့ခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်သားကို လက်ခံ ကုသပေးနေတာ တောင်ကိုရီးယားရဲ့ အာဇူး တက္ကသိုလ် ဆေးရုံမှာ ဖြစ်ပါတယ်။

Image caption နှစ်ဘက်တပ်တွေ မျက်နှာချင်းဆိုင် ချထားတဲ့ နေရာကနေ ထွက်ပြေး

စစ်သားရဲ့ လက်ရှိ အခြေအနေကို ကြည့်ပြီး ဗုဒ္ဓဟူး နေ့မှာ ခွဲခန်းထဲ သွင်းကောင်း သွင်းမယ်၊ ကျည်ဆံတွေ ဖောက်ဝင်လို့ အတွင်းကလီစာတွေ ထိခိုက်တဲ့ ဒဏ်ရာ ၇ ခု ထက်မနည်း ရှိတယ် ဆိုပြီး အာဇူး တက္ကသိုလ် ဆေးရုံက ခွဲစိတ်ကု ဆရာဝန်ဖြစ်တဲ့ လီကတ်-ဂျုံ က ပြောပါတယ်။

မြောက်ကိုရီးယား စစ်သား ထွက်ပြေး ခဲ့တဲ့ နေရာဟာ DMZ လို့ အင်္ဂလိပ်လို အတိုကောက် ခေါ်တဲ့ နှစ်နိုင်ငံကြား စစ်ရေးကင်းစင်ဇုံ ထဲမှာ ဖြစ်ပြီး၊ အဲဒီမှာ နှစ်ဘက် အစောင့်တပ်သားတွေ အများအပြား ချထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

DMZ ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပူးတွဲ လုံခြုံရေး ဧရိယာ JSA ဆိုတဲ့ နေရာကနေ မြောက်ကိုရီးယား စစ်သားဟာ နိုဝင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့ တုန်းက တောင်ကိုရီးထဲ ဖြတ်ဝင်ခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား အရေး သံတမန်ရေး သုံးဖို့ တရုတ်တောင်းဆို

JSA နယ်မြေ အနီးထိ ကားနဲ့ မောင်းပြီး ချည်းကပ်လာတာကို တနင်္လာနေ့ နေ့ခင်းပိုင်းမှာ သတိထားမိခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရုံးရဲ့ ပြောခွင့်ရ နိုဂျေချန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီစစ်သား မောင်းလာတဲ့ ကားရဲ့ ဘီးတွေကျွတ်ပြီး မြောက်ကိုရီးယား ပိုင်နက်ဘက်မှာ ရှိတဲ့ ရေမြောင်းထဲ ကျကုန်တဲ့ အတွက် သူ ကားထဲက ထွက်လာပြီး နယ်စပ်မျဉ်းကို ကျော်ဖြတ်ပြေး ခဲ့တယ်၊ ကားထဲ ရှိနေတုန်းက နယ်စပ်မျဉ်းကို မကျော်သေးဘူး၊ ပြေးတဲ့ အခါကျမှ မြောက်ကိုရီးယား အစောင့်တွေက ဝိုင်းပစ်ကြတာလို့လည်း နိုဂျေချန်းက ဆိုပါတယ်။

Image caption စစ်ဦးစီးချုပ်ရုံးရဲ့ ပြောခွင့်ရ နိုဂျေချန်း

တောင်ကိုရီးယား ဘက်ခြမ်းမှာတော့ ပန်မွန်ဂျုမ် ဆိုတဲ့ ရွာ ရှိနေပြီး၊ အဲဒီရွာကို ထွက်ပြေးလာတဲ့ စစ်သား ရောက်သွားခဲ့ပါတယ်။

တောင်ကိုရီးယားဘက် ထွက်ပြေးကြတဲ့ မြောက်ကိုးရီးယားက သူတွေဟာ အရေအတွက်အားဖြင့် တနှစ်ကို တစ်ထောင် ဝန်းကျင်လောက် ရှိပေမယ့်၊ အဲဒီ စစ်သားလို နှစ်ဘက် အစောင့်အကြပ်တွေ အမြောက်အများ မျက်နှာချင်းဆိုင် ချထားကြတဲ့ နေရာကနေ ပြေးတာမျိုးတော့ အင်မတန် ရှားပါတယ်။

ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ၁၉၅၃ မှာ ပြီးဆုံး ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ကနေ ဘက်ပြောင်း ခိုလှုံလာသူတွေ အယောက် ၃ သောင်းကျော် ရှိတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

များသောအားဖြင့် တရုတ် နိုင်ငံက တဆင့် ဖြတ်ပြေးကြတာ ဖြစ်ပြီး၊ တရုတ် အစိုးရ ဖမ်းမိ ရင်တော့ အဲဒီလို ပြေးသူတွေကို ဒုက္ခသည် အနေနဲ့ မသတ်မှတ်ပဲ မြောက်ကိုရီးယားကို ပြန်ပို့လေ့ ရှိပါတယ်။

ကိုရီးယားကျွန်းဆွယ် စစ် ပြီးခဲ့ပြီလို့ ဆိုပေမယ့်၊ တရားဝင် ငြိမ်းချမ်းရေး စာချုပ်မျိုး ချုပ်ဆို ထားတာ မဟုတ်ပဲ၊ အပစ်အခတ် ရပ်ထားတာသာ ဖြစ်တဲ့ အတွက် တောင်-မြောက် နှစ်နိုင်ငံ ကြား အခုအချိန်ထိ စစ်ဖြစ် နေကြတယ်လို့ ပြောဆို ရင် မမှားပါဘူး။