ဇင်ဘာဘွေမှာ အစိုးရပါတီနဲ့ စစ်တပ်အကြား တင်းမာမှုတွေ ဖြစ်

  • 15 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟာရာရီမြို့တော် လမ်းမတွေမှာ စစ်သံချပ်ကာကားတွေ တွေ့ရ

ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့တော်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားရပြီး အဲဒီမှာ ရှိတဲ့ ZBC အစိုးရ အသံလွှင့်ဌာနကို စစ်သားတွေ သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

မြို့လယ်နားမှာလည်း စစ်သံချပ်ကာ ကားတွေ တွေ့ရပါတယ်။

အစိုးရအဖွဲ့အတွင်း နိုင်ငံရေးတိုက်ခိုက်မှုတွေ ဖြစ်နေတာကို အဆုံးသတ်ဖို့ စစ်တပ် ကြားဝင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်တပ် ဦးစီးချုပ်က ပြောခဲ့အပြီးမှာ Zanu-PF အစိုးရပါတီက စစ်ဦးစီးချုပ်ဟာ နိုင်ငံ မတည်မငြိမ် ဖြစ်အောင် လုပ်နေတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချီဝန်ဂါရဲ့ ပြောဆိုချက်ဟာ အံ့အားသင့်စရာ ကောင်းပြီး နိုင်ငံတော် သစ္စာဖေါက်တဲ့ ပြောဆိုချက်မျိုး ဖြစ်တယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဒုတိယ သမ္မတကို သမ္မတ မူဂါဘီက ရာထူးကနေ ထုတ်ပယ်ခဲ့အပြီးမှာ သမ္မတ မူဂါဘီနဲ့ စစ်တပ်အကြား သဘောကွဲလွဲမှု လက္ခဏာတွေ စပေါ်ထွက်လာခဲ့တာပါ။

အသက် ၉၃နှစ် ရှိပြီ ဖြစ်တဲ့ သမ္မတမူဂါဘီဟာ သူ့ဇနီးသည် Graceကို တဖြည်းဖြည်းချင်း တိုင်းပြည်ကို လွှဲပြောင်း အုပ်ချုပ်ခွင့်ပေးဖို့ လမ်းကြောင်း ထွင်နေပုံ ရပြီး ဒါကို သူ့ရဲ့ Zanu-PFပါတီထဲက လူငယ်အဖွဲ့ခွဲက ထောက်ခံကြပေမယ့် ဒုတိယ သမ္မတ အမ်မာဆန် အမ်နန်ဂါဂွာ ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာပါ။

အရင်ကတော့ မစ္စတာ အမ်နန်ဂါဂွာ ဟာ သမ္မတ မူဂါဘီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် အများက ယူဆခဲ့ကြတာ ဖြစ်ပေမယ့် အခုတော့ သမ္မတ ကတော် ဂရေ့စ် မူဂါဘီက သမ္မတ ရာထူးယူဖို့ သေချာသလောက် ဖြစ်နေပါပြီ။

အခု သမ္မတ မူဂါဘီရဲ့ အရိုက်အရာ နေရာကို ဆက်ခံဖို့ ကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်တွင်းမှာ သဘောထား ကွဲနေကြသလို Zanu-PFပါတီထဲမှာလည်း သဘောကွဲနေကြပြီး ဇင်ဘာဘွေနိုင်ငံမှာ တင်းမာမှုတွေ အကြီးအကျယ် ဖြစ်နေပါတယ်။